နယူးကာဆယ်ရဲ့ စွမ်းဆောင်ရည်တွေကတော့ အံ့အားသင့်စရာကို​ ကောင်းလွန်းပါတယ်။

အက်ဒီဟိုဝီရဲ့ နယူးကာဆယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာ အပိုင်ရရှိဖို့အတွက် ပြိုင်ဘက်တွေကို ဂိုးပြတ်တွေချည်း သွင်းပြီး အနိုင်ယူနေပါတယ်။ စပါးကို ၆-၁ နဲ့ အံ့အားသင့်ဖွယ်ရာ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် မနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာလည်း ၄-၁ နဲ့ ထပ်အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် အဆင့် ၃ နေရာမှာ ရမှတ် ၆၂ မှတ်နဲ့ ရှိနေပြီး ယူနိုက်တက်ထက် တပွဲပိုကစားထားကာ ၂ မှတ်အသာရရှိထားပါတယ်။ 

အဆင့် ၅ နေရာက စပါးထက် တပွဲလျော့ကစားပြီး ၈ မှတ်ဖြတ်တောက်ထားလို့ လက်ကျန် ၅ ပွဲပဲ ကျန်တော့တဲ့ အနေအထားနဲ့ ချိန်ထိုးကြည့်ရင် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် စိတ်မပူရလောက်တော့ဘူးလို့ ဆိုရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၈ ပွဲမှာ ၇ ပွဲအထိ အနိုင်ရကာ တပွဲသာအရေးနိမ့်ခဲ့တဲ့အထိ နယူးကာဆယ်က ခြေစွမ်းထက်မြက်နေခဲ့ပါတယ်။ 

စပါး၊ အဲဗာတန်တို့နဲ့ပွဲတွေမှာလည်း ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ကော်လမ်ဝီလ်ဆင်၊ ဂျိုလင်တန်၊ အိုင်ဆက်ခ်တို့လို တိုက်စစ်ကစားသမားတွေ အကုန်လုံးက အားကိုးနေရပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်းကလည်း တာဝန်ကျေနေခဲ့ပါတယ်။ အက်ဒီဟိုဝီရဲ့ အသင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတဦးမှ မရှိပေမယ့် အသင်းလိုက်ကစားအားကောင်းမွန်ပုံနဲ့အတူ ထိပ်ဆုံးလေးသင်းနေရာကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ 

ဆော်ဒီသူဌေးတွေလက်အောက်မှာ နယူးကာဆယ်က ထိပ်တန်းအပြောင်းအရွှေ့တွေ လုပ်ဆောင်မယ်လို့ အားလုံးက ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပုံမှန်အတိုင်းသာ လုပ်ဆောင်နေခဲ့တာပါ။ အရည်အသွေးမြင့် ပထမတန်းစားကစားသမားတွေကို စုစည်းပြီး အက်ဒီဟိုဝီရဲ့ ပဲ့ကိုင်မှုတွေက ဟန်ချက်ညီခဲ့ကာ ငှက်ကျားတွေကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာပါ ရယူနိုင်စေတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က