ချန်ပီယံလိဂ်မှာ လိုက်ဇစ်ကို ၇ ဂိုးသွင်းခဲ့တဲ့ မန်စီးတီးဟာ ဘန်လေနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာလည်း ၆ ဂိုးအထိသွင်းကာ အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒီပွဲမှာ ဟာလန်းက ခြေစွမ်းထပ်ပြခဲ့ပြီး ဟက်ထရစ်ထပ်မံသွင်းယူခဲ့ကာ အယ်လ်ဗာရက်ဇ်က ၂ဂိုး၊ ပယ်လ်မာက ၁ ဂိုး သွင်းပေးခဲ့ပြီး မန်စိးတီးတို့ ကြီးမားတဲ့ဂိုးပြတ်နိုင်ပွဲကို ထပ်မံရရှိခဲ့ပါတယ်။
ဂွါဒီယိုလာလက်အောက်မှာ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ်နဲ့ ကစားခဲ့တဲ့ ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေကတော့ ဘာဆိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ချန်ပီယံရှစ်မှာ ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာဖို့ အခြေအနေကောင်းနေတဲ့ ဘန်လေဟာ မန်စီတီးနဲ့အတွေ့မှာတော့ လက်မြှောက်အရှုံးပေးခဲ့ရပြီး အက်ဖ်အေဖလားကွာတားအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ ဟာလန်းကတော့ ပြိုင်ပွဲစုံနှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၂ပွဲမှာ ၈ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီရာသီသွင်းဂိုးစုစုပေါင်းက ဂိုးပေါင်း ၄၂ဂိုး အထိ ရှိသွားခဲ့ပြီဖြစ်ကာ ပြိုင်ပွဲစုံမှာရယူနိုင်ခဲ့တဲ့ ဟက်ထရစ်ကလည်း ၆ ကြိမ်အထိ ရှိနေခဲ့ပါတယ်။
ဒါဟာ ပရီးမီးယားလိဂ်မှာ အခြားကစားသမားတွေအားလုံးပေါင်းရရှိထားတဲ့ ဟက်ထရစ်အကြိမ်အရေအတွက်ထက်တောင်မှ ၁ ကြိမ်ပိုများနေသေးတာဖြစ်ပါတယ်။ သူ့ရဲ့ ဂိုးသွင်းအားကတော့ ကြောက်စရာကောင်းလောက်အောင်ကို ထက်မြက်နေပြီး သူ့နေအိမ်မှာဆိုရင် ဟက်ထရစ်သွင်းယူပြီးတိုင်း အမှတ်တရယူဆောင်သွားတဲ့ ဘောလုံးတွေနဲ့တင် ပြည့်နှက်နေမှာလည်း သေချာပါတယ်။