လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မနေ့ညက ယူနိုက်တက်ကိုရှုံးခဲ့တဲ့ရလဒ်အပေါ် လက်သင့်ခံပေမယ့် နောက်ဆုံးမိနစ်တွေမှာ ဂိုးတွေပြန်ရသင့်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဘန်ကောက်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်က လီဗာပူးကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့် ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ဒီယက်ဇ်ရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့တာ၊ ဒီဂီယာလက်စွမ်းပြကာကွယ်ခဲ့တာကြောင့် လီဗာပူးတို့ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ဆာလာရဲ့ ကန်ချက်တိုင်ထိထွက်တာ၊ ဒါဝင်နူနက်ဇ်ရဲ့ ကန်ချက်နှစ်ကြိမ်မှာ တကြိမ်ကို တွမ်ဟီတန်ကာကွယ်နိုင်ခဲ့ပြီး နောက်တကြိမ်က မိုးပေါ်ထောင်တက်သွားခဲ့တာတွေကြောင့်လည်း လီဗာပူးတို့ တဂိုးမှ ပြန်မရလိုက်တာပါ။
ပွဲအပြီးမှာ ကလော့ပ်က “ဒီပွဲက ကျနော်တို့အတွက် နည်းနည်းလေးစောလွန်းပါတယ်။ ဘောလုံးမှာက တဦးချင်းအမှားတွေရှိတတ်ပါတယ်။ ကျနော်တို့ အမှားတွေလုပ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပြီးသားပါ။ ဒါပေမယ့်လည်း ကျနော်တို့ နောက်ဆုံး (၅) မိနစ်မှာ သုံးဂိုး ဒါမှမဟုတ် လေးဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါက ကျနော်တို့အမှားပါ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ကလော့ပ်က “ရလဒ်က ကျနော်တို့အတွက် မျှတပြီး ဒါကို လက်ခံရမှာပါ။ ဒါပေမယ့် ကျနော်တို့လည်း ဂိုးသွင်းနိုင်ခဲ့သင့်ပြီး ဒီလိုသာဆိုရင် ပိုမိုကြီးကျယ်ခမ်းနားတဲ့ပွဲဖြစ်လာမှာပါ။ ကျနော်တို့က ဂိုးတွေပေးခဲ့တယ်၊ အခွင့်အရေးတွေ ဖန်တီးပေးခဲ့ပြီး ယူနိုက်တက်က ကျနော်တို့ကို ပြဿနာဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်အသင်းမှာလည်း ကောင်းတဲ့အချက်တွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်”
“တဖက်မှာလည်း အသင်းက တည်ငြိမ်မှုမရှိဘဲ လောနေခဲ့ပါတယ်။ ယူနိုက်တက်က တဦးချင်းလိုက်ကပ်တဲ့ပုံစံကို ကစားခဲ့ပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာပေါ့။ ဒီတော့ ကျနော်တို့က ဘောလုံးကို ခပ်ဝေးဝေးပို့ရပြီး တိုက်စစ်ဆင်တာကို ရပ်လိုက်ရပါတယ်။ ဒါသေချာပါတယ်။ အီလီယော့ အလယ်ကို ဝင်လာတဲ့အခါမှာလည်း ယူနိုက်တက်ရဲ့ တဦးချင်းလူကပ်ကစားပုံက ကျနော်တို့ကို အန္တရာယ်ပိုများစေခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။