အေစီမီလန်ရဲ့ ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီးက သူ့ရဲ့ ဒူးဒဏ်ရာကြောင့် နောက်ဆုံး (၆) လအတွင်း တော်တော်ကြီးကို နာကျင်မှုဝေဒနာခံစားခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် (၄၀) အရွယ် အီဘရာဟီမိုဗစ်ဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် (၇) လ (၈) လခန့် အနားယူရမှာပါ။
သူနဲ့ အေစီမီလန်အကြား စာချုပ်သက်တမ်းကလည်း လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အီဘရာဟီမိုဗစ်ရဲ့ ဒဏ်ရာပြဿနာကြောင့် ကစားသမားဘဝ အဆုံးသတ်သွားမှာကို စိုးရိမ်ပူပန်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ အီဘရာဟီမိုဗစ်က သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အခုလိုမျိုး ဖွင့်ဟလာခဲ့တာပါ။
အီဘရာဟီမိုဗစ်က “နောက်ဆုံး (၆) လမှာ ကျနော့် ဒူးခေါင်းမှာအရွတ်မရှိဘဲ ကစားခဲ့ပါတယ်။ နာကျင်နေတာကလည်း (၆) လလောက်ရှိပါပြီ။ အသင်းနဲ့လည်း ဒီ (၆) လအတွင်း (၁၀) ကြိမ်ပဲ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီအတောအတွင်း ဆေးထိုးခဲ့ရတဲ့အကြိမ်အရေအတွက်ကလည်း (၂၀) ကျော်ပါတယ်။ တပတ်ကိုတခါ (၆) လတိတိ ဒူးခေါင်းနဲ့ ပတ်သက်တဲ့ ကုသမှုတွေလုပ်ခဲ့ရပါတယ်”
“အကိုက်အခဲပျောက်ဆေးကိုလည်း နေ့တိုင်းသောက်လာတာ အခုဆို (၆) လ ရှိပါပြီ။ ဒီ (၆) လအတွင်းမှာတင်ကိုပဲ နာကျင်မှုဝေဒနာကြောင့် ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ ကွင်းထဲမှာရော၊ ကွင်းပြင်မှာပါ ကျနော် ဒီလောက်အထိ မနာကျင်ဖူးပါဘူး။ မဖြစ်နိုင်တဲ့အရာတချို့ကို ဖြစ်လာအောင် ကျနော်လုပ်ခဲ့ပါတယ်။ ကျနော့်စိတ်ထဲမှာ တခုပဲ ရည်ရွယ်ခဲ့တာပါ”
“ဒါကတော့ ကျနော့်အသင်းသားတွေနဲ့နည်းပြတို့ကို အီတလီရဲ့ ချန်ပီယံတွေဖြစ်အောင်လုပ်ပေးဖို့ပါ။ ကျနော် ဒီအတွက် ကတိပေးခဲ့ပြီး လုပ်လည်းလုပ်ပေးခဲ့ပါတယ်။ အခုတော့ ကျနော် ဒူးအရွတ်အသစ်နဲ့ နောက်ထပ်ဆုဖလားရှိနေပါပြီ“ လို့ ပြောကြားသွားခဲ့ပါတယ်။