အင်ဇာဂီက ဗိုလ်လုပွဲနဲ့ တော်တော်လေး ကံစပ်တဲ့နည်းပြတစ်ယောက်ဖြစ်နေပါတယ်။

မန်စီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီး နီးကပ်လာတာနဲ့အမျှ နှစ်သင်းကြားမှာလည်း ရင်ခုန်သံမျိုးစုံ ရှိနေခဲ့ပါတယ်။ သာမန်အားဖြင့် ကစားသမားအင်အား၊ နည်းပြအနေအထားနဲ့ နှစ်သင်းကြား ကစားဟန်တွေအရ မန်စီးတီးကသာ အခက်အခဲမရှိ ချန်ပီယံလိဂ်ဆုဖလားကြီးကို သူတို့အတွက် ပထမဆုံးအနေနဲ့ ဆွတ်ခူးသွားမယ်လို့ အများစုက ယူဆထားပါတယ်။



ဒါပေမယ့် တစ်ဖက်မှာလည်း အင်တာမီလန်နည်းပြ အင်ဇာဂီရဲ့ ဗိုလ်လုပွဲ မှတ်တမ်းတွေက ‌တော်တော်လေး အထင်ကြီးစရာကောင်းနေပြီး ဗိုလ်လုပွဲနဲ့ ကံစပ်တဲ့နည်းပြတစ်ယောက်လို့တောင် သတ်မှတ်နိုင်ပါတယ်။ အင်ဇာဂီဟာ အခု မန်စီးတီးနဲ့ပွဲမတိုင်ခင် နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲ (၇) ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ပြိုင်ဘက်တွေကို အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီအတွင်းမှာတင် မကြာခင်ကမှ ကိုပါအီတလီယာဖလားဗိုလ်လုပွဲမှာ ဖီအိုရင်တီးနားနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက် ဆုဖလားတစ်လုံးကို ဆွတ်ခူးထားနိုင်ပါသေးတယ်။ အင်ဇာဂီဟာ လာဇီယိုနည်းပြဘဝမှာကတည်းက ဗိုလ်လုပွဲမှတ်တမ်းကောင်းကို ရရှိခဲ့ပြီး ရောမမြို့ခံအသင်းနဲ့အတူ ကိုပါအီတလီယာဖလား၊ အီတလီစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။

အဲ့ဒီနောက် အင်တာမီလန်ကို ရောက်ရှိချိန်မှာတော့ အင်ဇာဂီက ဗိုလ်လုပွဲတက်ရောက်တိုင်း ရှုံးပွဲလုံးဝမရှိတော့ဘဲ ဗိုလ်လုပွဲတိုင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ အင်ဇာဂီဟာ သူ့ရဲ့နည်းပြဘဝတစ်လျှောက်လုံး ကစားခဲ့ပြီးတဲ့ ဗိုလ်လုပွဲ (၈) ပွဲမှာ ပထမဆုံးပွဲကိုသာ အရေးနိမ့်ခဲ့ပြီး နောက်ဆုံး (၇) ပွဲဆက်တိုက်အထိ အနိုင်ရရှိခဲ့တာပါ။

ဒါ့အပြင် အင်ဇာဂီ အနိုင်ယူခဲ့တဲ့အသင်းတွေထဲမှာ ရော်နယ်ဒို၊ ဘိုနူချီ၊ ဒန်နီအဲလ်ဗက်စ်တို့ပါဝင်ခဲ့တဲ့ ဂျူဗင်တပ်စ်၊ သူ့ရဲ့လက်ရှိအသင်း အင်တာမီလန်၊ အေစီမီလန်တို့လည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အများစုက ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် မန်စီးတီးကို ပိုမိုအလေးသာနေပေမယ့်လည်း တစ်ဖက်မှာတော့ ဗိုလ်လုပွဲတွေနဲ့ ကံစပ်နေတဲ့ အင်ဇာဂီနဲ့ အင်တာမီလန်ကိုလည်း အထင်သေးလျှော့တွက်လို့မရကြောင်း ဒီနည်းပြရဲ့ ဗိုလ်လုပွဲမှတ်တမ်းတွေက သက်သေပြနေပါတယ်။ 

Share

Loading Next Article...
က္က