ပဲလေ့စ်နဲ့ပွဲမတိုင်ခင်မှာ ဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် ကွင်းအဝင်မှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းနဲ့ ပတ်သက်လို့ ရပ်ရှ်ဖို့ဒ်ကို ဝေဖန်ပြစ်တင်နေကြပါတယ်။ အဆိုပါပွဲမှာ ခရစ္စတယ်ပဲလေ့စ်က နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်ရဲ့ သွင်းဂိုးနဲ့အတူ အိုးထရက်ဖို့ဒ်မှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲမှာ ယူနိုက်တက်တိုက်စစ်ပိုင်းက လုံးဝခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ရပ်ရှ်ဖို့ဒ်ရဲ့ ကွင်းအတွင်း ခြေစွမ်းကိုလည်း ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။ ဒါ့အပြင် ဒီပွဲမစခင် ကွင်းထဲ အဝင်မှာကတည်းက ရပ်ရှ်ဖို့ဒ်ရဲ့ အပြုအမူကို ပရိသတ်အချို့က ဝေဖန်နေကြပါတယ်။


နှစ်ဖက်ကစားသမားတွေ ကွင်းအတွင်း ဝင်လာချိန်မှာ ရပ်ရှ်ဖို့ဒ်က ဥမင်လိုဏ်ခေါင်းအဝမှာ ရပ်စောင့်နေခဲ့ပြီး ဒါက ကက်စ်မဲရိုးကို သူ့ရှေ့ကနေ ကွင်းထဲဝင်ရောက်စေဖို့ စောင့်ဆိုင်းနေခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကစားသမားတွေထဲမှာ နောက်ဆုံးမှ ကွင်းထဲ ဝင်ရောက်ဖို့ ဆန္ဒရှိခဲ့ပြီး ဒီလုပ်ရပ်ကို ယူနိုက်တက်ပရိသတ်အချို့က စိတ်ပျက်နေကြတာပါ။

ယူနိုက်တက်ပရိသတ်တွေက “ချန်ပီယံလိဂ် (၅) ကြိမ်ရထားတဲ့ ကစားသမားကို သူ့ရှေ့ကသွားခိုင်းပြီး သူက နောက်ဆုံးမှ မင်းသားလိုမျိုး ကွင်းထဲ ဝင်ချင်တာလေ။ သူက အင်္ဂလန်အသင်းမှာဆိုရင် ဆာကာ၊ ဖိုဒန်တို့ကို ကျော်ပြီး နေရာတောင် ရနိုင်မယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ အတ္တက ရော်နယ်ဒိုလိုမျိုး၊ ခြေစွမ်းကတော့ အဘွန်လဟော်လိုမျိုးပါ”

“သူက သူ့ကိုယ်သူ ဘလွန်းဒီအော်ရထားတဲ့ ကစားသမားလိုမျိုး နောက်ဆုံးမှ ကွင်းထဲဝင်ချင်နေတာပါ” လို့ လှောင်ပြောင်ဝေဖန်ခဲ့ကြပါတယ်။ အခြားသော ယူနိုက်တက်ပရိသတ်တွေကတော့ ရပ်ရှ်ဖို့ဒ်ဘက်က ကာကွယ်ပေးခဲ့သူတွေရှိနေပြီး ယူနိုက်တက်ပရိသတ်အချို့ဟာ ရပ်ရှ်ဖို့ဒ်ကို ဝေဖန်တိုက်ခိုက်ဖို့ပဲ ချောင်းနေကြတယ်လို့ တုံ့ပြန်နေကြပါတယ်။ 

Share

Loading Next Article...
က္က