အဂွေရို အနားယူမယ့်သတင်းကို ဒီတပတ်အတွင်း ကြေညာတော့မှာပါ။

ဘာစီလိုနာတိုက်စစ်မှူး အဂွေရိုဟာ ကစားသမားဘဝကနေ အနားယူပြီဆိုတာကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တရားဝင်ကြေညာသွားမယ်လို့ သိရှိရပါတယ်။ အဂွေရိုဟာ လက်ရှိအချိန်မှာ နှလုံးရောဂါဝေဒနာကို ခံစားနေရတာပါ။



အလာဗက်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ အဂွေရိုတယောက် ပထမပိုင်းမပြီးခင်မှာတင် အမောဖောက်လာခဲ့တာကြောင့် လူစားလဲခဲ့ရပြီး ကနဦးဆေးစစ်မှုတွေအရ (၃) လလောက် အနားယူရမယ်လို့ သုံးသပ်ခဲ့ကြတာပါ။ ဒါပေမယ့် အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ ရောဂါက ထင်ထားတာထက် ပိုမိုပြင်းထန်တာကြောင့် အဂွေရို အနားယူရတော့မယ်လို့ သတင်းတွေ ကြိုတင်ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် အဂွေရိုက ဘောလုံးသမားဘဝကို လွယ်လွယ်နဲ့ လက်လျှော့လိုပုံမပေါ်ဘဲ ပြန်ကစားနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံကို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရတော့ အဂွေရိုတယောက် ဘောလုံး ပြန်ကစားနိုင်တော့မှာမဟုတ်ဘဲ ဘာစီလိုနာကလည်း ကစားသမားအတွက် နှုတ်ဆက်ပွဲ ပြင်ဆင်ထားပြီးပြီလို့ သိရှိရပါတယ်။

စပိန်ဂျာနယ်လစ် ဂျရတ်မိုရီနိုက “လာမယ့် ဗုဒ္ဓဟူးနေ့မှာ အဂွေရို အနားယူပြီဆိုတာကို တရားဝင်ကြေညာပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။ အဂွေရို အနားယူမယ့်သတင်းကို မန်စီးတီးအသင်းဖော်ဟောင်း နာဆရီကလည်း ဒီမတိုင်ခင်တည်းက ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် အဲ့ဒီအချိန်က ဘာစီလိုနာ နည်းပြ ဇာဗီကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့ပြီး လက်ရှိအချိန်မှာတော့ သေချာသလောက် ဖြစ်သွားခဲ့ပါပြီ။ အဂွေရိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။

အဂွေရိုအနေနဲ့ အသင်းကိုရောက်ရောက်ချင်း ဒဏ်ရာပြဿနာနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရကာ ပြန်ကစားနိုင်ချိန်မှာလည်း အခုလိုမျိုး ရောဂါဝေဒနာနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးမှာ အောင်မြင်မှုပေါင်းများစွာ ယူနိုင်ခဲ့တဲ့ အဂွေရိုရဲ့ ကစားသမားဘဝ အဆုံးသတ်က မျှော်လင့်ထားသလောက် မဖြစ်ခဲ့ဘူးလို့ပဲ ဆိုရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က