အယ်လ်ဆတ်ဒ်ဟာ သူတို့နည်းပြ ဇာဗီကို အသင်းက ထွက်ခွာခွင့်ပေးလိုက်တာပါ။

ကာတာကလပ်၊ အယ်လ်ဆတ်ဒ်နည်းပြ ဇာဗီဟာ လက်ရှိအချိန်မှာတော့ အသင်းနဲ့လမ်းခွဲပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရရှိခဲ့ပြီလို့ သိရှိရပါတယ်။ ဘာစီလိုနာဟာ နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ပြီးတည်းက ဇာဗီကို ခန့်အပ်ဖို့ ကြိုးစားခဲ့ပြီး အခုချိန်မှသာ တရားဝင်သဘောတူညီမှုရရှိခဲ့တာပါ။



ရော်နယ်ကိုးမန်း အထုတ်မခံရခင်တည်းက ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ ဇာဗီတို့အကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အယ်လ်ဆတ်ဒ်ဘက်က ဇာဗီကို လက်လွှတ်မခံလိုတာကြောင့် ဒီအပြောင်းအရွှေ့က ကြန့်ကြာခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်က ဘာစီလိုနာတာဝန်ရှိသူတွေ ကာတာနိုင်ငံအထိ ရောက်ရှိလာခဲ့ပြီး အယ်လ်ဆတ်ဒ်နဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာတော့ အခုလိုပဲ အယ်လ်ဆတ်ဒ်က ကြေညာခဲ့ပါတယ်။

အယ်လ်ဆတ်ဒ်က “အသင်းတာဝန်ရှိသူတွေက စာချုပ်ဖျက်သိမ်းကြေးကိစ္စတွေကို ဖြေရှင်းပြီးတဲ့နောက်မှာတော့  ဇာဗီကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဇာဗီက အသင်းရဲ့သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပြီး အနာဂတ်မှာ အောင်မြင်မှုတိုင်းကို ဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်” လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့ (၂၀၁၅) မှာ ဘာစီလိုနာကနေ အယ်လ်ဆတ်ဒ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အဲ့ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ကာ နည်းပြဘဝထဲဝင်ရောက်လာခဲ့ပါတယ်။

အသက် (၄၁) နှစ်အရွယ် ဇာဗီရဲ့လက်အောက်မှာ အယ်လ်ဆတ်ဒ်ကလည်း ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာဗီဟာ အယ်လ်ဆတ်ဒ်ကို သူ့စိတ်တိုင်းကျ ပုံသွင်းခဲ့ပြီး ဒီအသင်းရဲ့ ကစားပုံကလည်း ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားနေသေးတာပါ။

လွန်ခဲ့တဲ့နှစ်တွေတည်းက ဘာစီလိုနာက ဇာဗီကို နည်းပြအဖြစ် ကမ်းလှမ်းခဲ့သေးပေမယ့် ဇာဗီကိုယ်တိုင်က သူ့ဆီမှာ အတွေ့အကြုံနည်းပါးနေတယ်လို့ ယူဆထားတာကြောင့် ငြင်းဆန်ခဲ့ပြီး အခုချိန်မှာတော့ ဘာစီလိုနာကို ကိုင်တွယ်ဖို့ ယုံကြည်ချက်ရှိနေပြီလို့ဆိုထားပါတယ်။

အစပိုင်းမှာလည်း အယ်လ်ဆတ်ဒ်အနေနဲ့ ဇာဗီကို လက်လွှတ်ဖို့ စိတ်ကူးမရှိခဲ့ဘဲ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဇာဗီကိုယ်တိုင်က သူ့ရဲ့အိမ်လိုဖြစ်နေတဲ့ နူးကမ့်ကို ပြန်ချင်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့တဲ့နောက် အယ်လ်ဆတ်ဒ်ဘက်ကလည်း အခုလိုမျိုးပဲ ဇာဗီရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က