ဖရန့်ဖတ်ရဲ့ ၂ဂိုးပြတ်ဦးဆောင်မှုကို အံ့အားသင့်ဖွယ် တွန်းလှန်ပြခဲ့တာပါ။

ဘွန်ဒက်လီဂါပွဲစဉ်ဖြစ်တဲ့ ဖရန့်ဖတ်-ဒေါ့မွန်ပွဲမှာတော့ ဧည့်သည်ဒေါ့မွန်တို့ဟာ ၂ ဂိုးပြတ်ရှုံးနိမ့်နေရာကနေ နောက်ဆုံးမိနစ် ၂၀ အတွင်း ၃ ဂိုးအထိ သွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ ဘိုင်ယန်က အိမ်ကွင်းမှာ ဂလာဘတ်ကို အရေးနိမ့်ခဲ့လို့ ဒီပွဲကိုအနိုင်ရခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ကို လျှော့ချနိုင်မယ့် အခွင့်အရေးက ဒေါ့မွန်တို့ဆီမှာ ရှိနေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဖရန့်ဖတ်အတွက် ဘော်ရီက ၁၅ မိနစ် နဲ့ ၂၄ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေသွင်းယူခဲ့လို့ ဒေါ့မွန်တို့ စောစောစီးစီးပဲ ဂိုးပြတ်အရေးနိမ့်နေခဲ့ရပါတယ်။ ဒီဂိုးတွေကို ဒုတိယပိုင်း မိနစ် ၇၀ အချိန်ထိ ဒေါ့မွန်တို့ ပြန်ချေပနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အလွန်ဆုံးမှသရေသာရဖို့မျှော်လင့်ရမယ့် အနေအထားဖြစ်ခဲ့ပြီး အံ့အားသင့်ဖွယ်ရာ နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ 

၇၁ မိနစ်မှာ ဒေါ့မွန်အတွက် ပထမချေပဂိုးကို သော်ဂန်ဟာဇက်က သွင်းယူပေးခဲ့ပြီး ၈၇ မိနစ်မှာ ဘီလင်ဟမ်က နောက်ထပ်ချေပဂိုးရယူပေးခဲ့ပါတယ်။ ဒီအချိန်မှာ ဒေါ့မွန်က ကစားအားကို တောက်လျှောက်မြှင့်ကစားခဲ့ပြီး အနိုင်ဂိုးရဖို့ အားကုန်ရုန်းခဲ့ရာမှာတော့ ၈၉ မိနစ်မှာ ဒါဟော့က အဖိုးတန်အနိုင်ဂိုးသွင်းယူကာ ဒေါ့မွန်ကို နှစ်သစ်မှာ နိုင်ပွဲစတင်ရရှိစေခဲ့ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ဒေါ့မွန်တို့ ဘိုင်ယန်မြူးနစ်နဲ့ ၆ မှတ်အကွာအနေအထားကို ပြန်ရောက်လာခဲ့ပြီး အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာပြီဖြစ်ပါတယ်။ ဟာလန်း၊ ဟာဇက်၊ ဘီလင်ဟမ်၊ မာကိုရူးစ်တို့အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဒေါ့မွန်အနေနဲ့ ခြေစွမ်းပိုင်းတည်ငြိမ်အောင်သာ ထိန်းထားနိုင်မယ်ဆိုရင် နောက်ဆုံးအချိန်အထိ ဘိုင်ယန်ကို ဖိအားပေးနိုင်ဖို့ရှိနေကာ ကံကြမ္မာဖေးမခဲ့မယ်ဆိုရင် ဆုဖလားကိုပါ ရယူနိုင်ဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က