အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၃ နိုင်ငံဖိတ်ခေါ်ပွဲမှာ မြန်မာနဲ့ ကာဂျစ္စတန်တို့ ဒီနေ့ကစားခဲ့ပါတယ်။ မြန်မာအသင်းကတော့ အိန္ဒိကို အရေးနိမ့်ခဲ့တဲ့ပွဲက ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲသိပ်မရှိခဲ့ဘဲ ပွဲထွက်လာခဲ့ကာ ကာဂျစ္စတန်ကို ရင်ဆိုင်ခဲ့ပါတယ်။ ကာဂျစ္စတန်ကတော့ မြန်မာနဲ့တွေ့တိုင်း ရလဒ်ပိုင်းအသာစီးရထားတဲ့ အသင်းပီပီ ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့ပွဲမှာ မြန်မာကစားပုံက အိန္ဒိယပွဲကထက် အနည်းငယ်ပိုကောင်းခဲ့ပြီး ပြိုင်ဘက်တိုက်စစ်ကို ပိုထိန်းချုပ်နိုင်ခဲ့လို့ ကာဂျစ္စတန်ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ မြန်မာက တောင်ပံတိုက်စစ်အားတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး အခွင့်အရေးအနည်းငယ်လောက်သာ ရရှိခဲ့လို့ သိပ်တော့အလုပ်မဖြစ်ခဲ့ပါဘူး။
ပထမပိုင်းမိနစ် ၄၀ လောက်မှာ သန်းပိုင်နဲ့ ကာဂျစ်နောက်ခံလူ ဘောလုံးယှဉ်လုရင်း တွန်းတိုက်သလိုဖြစ်ခဲ့လို့ မြန်မာတို့ ပင်နယ်တီရရှိခဲ့ရာမှာ ကွင်းလယ်လူကျော်မင်းဦး ကန်သွင်းခဲ့ပေမယ့် ဘားတန်းထိထွက်ခဲ့လို့ မြန်မာတို့ နစ်နာခဲ့ရပါတယ်။ ကာဂျစ်ကလည်း ပွဲချိန်နောက်ပိုင်းမှာ အခွင့်အရေးသိပ်မဖန်တီးနိုင်ခဲ့တော့ဘဲ ဘောလုံးပိုင်ဆိုင်မှုအသာတောင် မရတေ့ာဘူးဖြစ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာကစားပုံက ပိုကောင်းခဲ့ပြီး ကာဂျစ်ကို ပိုတိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ အောင်သူ အပိုင်အခွင့်အရေးလက်လွှတ်ခဲ့ရသလို သန်းပိုင်ရဲ့ အပြင်းကန်သွင်းချက်ကိုလည်း ကာဂျစ်ဂိုးသမားကာကွယ်နိုင်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ကာဂျစ်တို့ ဂိုးရဖို့ တိုက်စစ်ကို ဖိကစားပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ မြန်မာတိုက်စစ်ကိုတောင် ပြန်ပြီးတော့ မနည်းခုခံနေခဲ့ရပါတယ်။
၈၂ မိနစ်မှာတော့ မြန်မာတို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို အလျင်အမြန်ကန်ပြီး မောင်မောင်လွင်ဖန်တီးပေးတာကနေ အောင်သူက ဧရိယာထဲကနေ အပိုင်ပိတ်သွင်းသွားခဲ့တာပါ။ အောင်သူက ပြိုင်ဘက်ခံစစ်မှူးတွေပိတ်ထားတဲ့ကြားကနေ ပါးပါးနပ်နပ်ကန်သွင်းပြီး ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။ ကာဂျစ်က ချေပဂိုးရဖို့အတွက် တိုက်စစ်ဆက်တိုက်ကစားခဲ့ပေမယ့်လည်း ဂိုးရဖို့ ခက်နေပါတယ်။ ဒါပေမယ့် ပွဲချိန်နောက်ဆုံးမိနစ်မှာတော့ ထောင့်ကန်ဘောကတဆင့် ကာဂျစ်က ချေပဂိုးပြန်သွင်းခဲ့လို့ တဖက် ၁ ဂိုးစီသရေကျခဲ့ပြီး မြန်မာတို့ နိုင်ပွဲလက်လွှတ်လိုက်ရပါတယ်။