မနေ့က ကစားခဲ့တဲ့ ဒါဘီနဲ့ ဘာမင်ဂမ်ပွဲစဉ်ကတော့ တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့ပါတယ်။ ဒါဘီအပေါ် စိတ်နှစ်ကြိုးပမ်းပေးနေပြီး အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းဆန်ခဲ့တဲ့ ရွန်နီကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကိုရရှိနေတဲ့ ဒါဘီဟာ နောက်ဆုံးမိနစ်တွေအတွင်းမှာ အံ့အားသင့်ဖွယ်ရာ ချေပဂိုးတွေရရှိခဲ့ပြီး အဖိုးတန်သရေတမှတ်ပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာမင်ဂမ်က ပွဲချိန် ၇ မိနစ်နဲ့ ၅၆ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ ဦးဆောင်နေခဲ့ပြီး ပွဲကစားချိန် ၈၆ မိနစ်အထိ ၂-၀ ရလဒ်ဖြစ်နေခဲ့တာပါ။ ဒါဘီတို့ သေချာပေါက်အရေးနိမ့်မယ်လို့ ထင်မှတ်ရချိန်မှာပဲ ၈၇ မိနစ်နဲ့ နာကျင်အချိန်ပို ၆ မိနစ်မှာ ချေပဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဘီအနေနဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့လို့ အဆင့် ၂၃ မှာဆက်လက်ရှိနေခဲ့ပြီး တန်းဆင်းဇုန်အထက်က ရီးဒင်းနဲ့ ၇ မှတ်ကွာဟနေဆဲဖြစ်ပါတယ်။
အသင်းချေပဂိုးရရှိချိန်မှာတော့ ရွန်နီဟာ ကလေးတဦးလို ခုန်ပေါက်အောင်ပွဲခံခဲ့ကြပြီး ဒိအပေါ်မှာ ပရိသတ်တွေက တော်တော်လေးကို အားပေးခဲ့ကြပါတယ်။ ရမှတ်အလျှော့ခံထားရတဲ့အသင်း၊ ဘဏ္ဍာရေးပြသနာရှိနေတဲ့အသင်းကို ကိုင်တွယ်နေရပေမယ့် ရွန်နီက ဒါဘီအပေါ် စိတ်ရောကိုယ်ပါနှစ်ပြီး ကိုင်တွယ်ပေးနေခဲ့သလို သူ့ရဲ့အောင်ပွဲခံဟန်ကလည်း ကြက်သီးထဖွယ်ကောင်းလောက်အောင်ဖြစ်နေခဲ့ရပါတယ်။
ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းကို တန်းမဆင်းရဖို့အတွက်ဆိုရင် ဒါဘီအနေနဲ့ ရလဒ်ကောင်းတွေ ပိုမိုရယူနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ နောက်ဆုံးငါးပွဲဆက်တိုက်ရှုံးပွဲမရှိကစားခဲ့ပြီးမှ ဒါဘီက ဖောရက်စ်ကို အရေးနိမ့်ခဲ့ပြီး ဘာမင်ဂမ်နဲ့ သရေကျခဲ့တာပါ။ လာမယ့်ပွဲအဖြစ်သူတို့ဟာ အဝေးကွင်းမှာ ဟတ်ဒါဖီးစ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး
အဲဒီနောက် ဟားလ်စီးတီး၊ မစ်ဒယ်ဘရော့၊ ပီတာဘရော့တို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။