ရော်နယ်ဒိုကတော့ ပွဲပြီးပြီးချင်းမှာပဲ ဖာဒီနန်ဆီ ဒီအကြောင်းကို မက်ဆေ့ချ်ပို့ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ယူနိုက်တက်အတွက် နောက်ဆုံးမိနစ် အနိုင်ဂိုးကို သွင်းယူပေးပြီး ဆိုးလ်ရှားနဲ့ယူနိုက်တက်ကို ကယ်တင်ခဲ့ပါတယ်။

အုပ်စုအဖွင့်ပွဲအဖြစ် ယန်းဘွိုင်းစ်နဲ့အဝေးကွင်းပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့တာပါ။ ဒါပေမယ့် ဧည့်သည်ဗီလာရီးရဲယ်ရဲ့ တုံ့ပြန်ပုံက တော်တော်လေးကောင်းမွန်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။

ယူနိုက်တက်အတွက် ချေပဂိုးကို အဲလက်စ်တဲလက်စ်က ဘရူနိုဖာနန်ဒက်စ် ပါးပါးနပ်နပ်ပေးပို့လိုက်တဲ့ ပြစ်ဒဏ်ဘောကတစ်ဆင့် လှလှပပ ကန်သွင်းခဲ့ပြီး ရော်နယ်ဒိုကတော့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ လင်ဂတ်ရဲ့ဖန်တီးပေးမှုကို အဆုံးသတ်သွားခဲ့တာပါ။ ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာ အနိုင်ဂိုးသွင်းနိုင်ခဲ့တယ်ဆိုပေမယ့် ပွဲကစားချိန်တစ်လျှောက်လုံး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူကတော့ ဒီပွဲမှာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့ပြီး ဒီအကြောင်းအရာကိုလည်း ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဖာဒီနန်က “ပွဲပြီးတဲ့ ဒီညမှာပဲ ရော်နယ်ဒိုက ကျွန်တော့်ဆီ မက်ဆေ့ချ်ပို့လာတယ်ဗျ”

“သူကောင်းကောင်းမကစားနိုင်ခဲ့ဘူး၊ ဒါပေမယ့် ဂိုးသွင်းနိုင်မယ်ဆိုတာကို ကြိုသိခဲ့တယ်ဆိုပြီးတော့ပေါ့ဗျာ။ သူပို့တဲ့မက်ဆေ့ချ်ရဲ့ အကျဥ်းချုပ်က အဲ့ဒါပါပဲ။ အသင်းမှာရှိတဲ့ အခြားကစားသမားတွေက ရော်နယ်ဒိုအတွက် အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကြပါတယ်။ ယူနိုက်တက်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့နေရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်ရှိလာပြီးနောက်ပိုင်း ကစားခဲ့တဲ့ပြိုင်ပွဲစုံ (၅) ပွဲမှာ (၄) ပွဲအထိ ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့သွင်းဂိုးအရေအတွက်ကလည်း (၅) ဂိုးအထိရှိလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်အောက်တိုဘာ (၂) မှာ အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာရော ရော်နယ်ဒိုတစ်ယောက် ဂိုးတွေထပ်သွင်းနိုင်ဦးမလား စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။

Share

က္က