လီဗာပူးနည်းပြကြီး ယာဂင်ကလော့ပ်က မနေ့ညက မန်စီးတီးနဲ့ပွဲ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရသင့်တဲ့အကြောင်း ပြောကြားလာခဲ့ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာပါ။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ ဂျွန်စတုန်းစ်က သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်း စပြီး မကြာခင်မှာတင် မက်အယ်လစ္စတာက လီဗာပူးအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် လီဗာပူးတို့ အနိုင်ဂိုးရဖို့ အခွင့်အရေးတွေရရှိခဲ့သလို မန်စီးတီးဘက်ကလည်း ဒိုကူ အပိုင်အခွင့်အရေးတစ်ကြိမ် တိုင်ထိထွက်ခဲ့ပါတယ်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ မန်စီးတီးဂိုးဧရိယာအတွင်း ဘောလုံး ယှဉ်လုရင်း မက်အယ်လစ္စတာရဲ့ ရင်ဘတ်ကို ဒိုကူ ကန်မိခဲ့သလို ဖြစ်သွားပါတယ်။ဒီဖြစ်ရပ်အတွက် မိုက်ကယ်အိုလီဗာရော၊ VAR ရောက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။
အနှေးပြကွက်တွေမှာ ဒိုကူရဲ့ ကန်ချက်က မက်အယ်လစ္စတာရဲ့ ရင်ဘတ်ကို ထိခဲ့တာ ရှင်းလင်းခဲ့ပေမယ့် ပင်နယ်တီမရခဲ့တာ လီဗာပူးအတွက် နစ်နာခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ကလော့ပ်က “ကွင်းရဲ့ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့်၊ ဒါက လုံးဝကို ရာနှုန်းပြည့် ပြစ်ဒဏ်ဘောပါပဲ”
“အဝါကတ်တောင် ဖြစ်ကောင်းဖြစ်ခဲ့သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် လီဗာပူးနဲ့ အာဆင်နယ်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်တူသွားခဲ့ပြီး မန်စီးတီးက သူတို့ရဲ့နောက် တစ်မှတ်အကွာမှာ ရှိနေခဲ့ပါတယ်။