ဒေါ့မွန်ကတော့ ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ပြန်ရသွားတယ်ပဲပြောရမှာပါ။ နောက်ဆုံးပွဲကို အိမ်ကွင်းမှာ ကန်ခွင့်ရတယ်၊ နိုင်တာနဲ့ ချန်ပီယံဖြစ်ခွင့်ရမယ်ဆိုတဲ့ အနေအထားမျိုးမှာ သရေကျခဲ့တယ်။ ဒါကပဲ ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်တို့ ဘာကြောင့် ကြီးစိုးနေလဲဆိုတာ အဖြေဖြစ်ခဲ့ရပါတယ်။
တစ်ဖက်က မိန့်ဇ်က သာမန်ပဲ ကစားခဲ့ပေမယ့် ဒေါ့မွန်တို့ ကိုယ်တိုင် အမှားကျူးလွန်ခဲ့တယ်၊ ဖိအားတွေ ဝင်ခဲ့တယ်၊ အဆိပ်ရှိတဲ့ကစားပုံ၊ ထိရောက်မှုရှိတဲ့ ကစားပုံ ဘာတစ်ခုမှကို မပြသနိုင်ခဲ့ပါဘူး။ မဖြစ်မနေ ဂိုးတွေ လိုအပ်ချိန်မှာတောင် အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ ပြောရရင် နည်းနည်းလေးတောင်မှ ဒီအသင်းကို သနားစရာမရှိပါဘူး။
ပွဲစကတည်းက အိမ်ရှင်ဝိတ်နဲ့ ဖိအားပေးနေတာပဲရှိပြီး ချန်ပီယံဖြစ်သင့်ဖြစ်ထိုက်တဲ့ အသင်းတစ်သင်းမှာ ရှိသင့်တဲ့ ခြေစွမ်းမျိုး၊ စိတ်ဓာတ်ပိုင်းမျိုးမှာ မရှိခဲ့ပါဘူး။ သူတို့က အရင်နှစ်တွေကလိုပဲ အချိန်တန်တော့ ဘိုင်ယန်မြူးနစ်ပဲ ဖလားရသွားမှာပါဆိုတဲ့ ခံယူချက်မျိုးနဲ့ ကစားခဲ့တာ အင်မတန်မှကို ရှက်ဖို့ ကောင်းခဲ့ပါတယ်။
မိန့်ဇ်က ဆယ်မိနစ်အတွင်း ဦးဆောင်ဂိုးနှစ်ဂိုးရသွားတဲ့နောက် ဒေါ့မွန်တို့ ချန်ပီယံမဖြစ်နိုင်တော့တာကို အားလုံး လက်ခံလိုက်ရပါတယ်။ ၀-၂ ဂိုးမဖြစ်ခင်မှာ ပင်နယ်တီရခဲ့သေးပေမယ့် ဟော်လာရဲ့ ကန်ချက်ကို ပြိုင်ဘက် ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲ ဒုတိယဂိုးပေးလိုက်ရတဲ့နောက် ဒေါ့မွန်တို့ရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂွါရဲရိုး၊ ဇူလာတို့က ချေပဂိုးတွေ သွင်းပေးခဲ့တယ်ဆိုပေမယ့် တစ်ဖက်က ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲကြောင့် အရာအားလုံး နောက်ကျသွားခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနှစ် ဘွန်ဒက်စ်လီဂါရဲ့ ရာသီအဆုံးသတ်ပိုင်းကတော့ နိမ့်မြင့်တက်ကျမျိုးစုံ၊ ဒရာမာမျိုးစုံနဲ့ ပရိသတ်တွေကို ဖျော်ဖြေနိုင်ခဲ့ပါတယ်။ မာကိုရူးစ်အတွက်တော့ စိတ်မကောင်းစရာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ အခုချိန်အထိ ဒေါ့မွန်မှာ သစ္စာရှိရှိ ကစားပေးခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါချန်ပီယံတစ်ကြိမ်တောင် မဖြစ်ခဲ့တာ သနားဖို့ကောင်းလွန်းပါတယ်။