အာဆင်နယ်ကွင်းလယ်လူ ချာကာ၊ လီဗာပူးတိုက်စစ်ကစားသမား ဖေမီနိုနဲ့ စပါးတိုက်စစ်ကစားသမား လူးကပ်စ်မော်ရာတို့ကတော့ သူတို့ရဲ့ သက်ဆိုင်ရာအသင်းတွေနဲ့ နောက်ဆုံးပွဲတွေမှာ ဂိုးတွေ ကိုယ်စီသွင်းယူပြီး အသင်းကို နှုတ်ဆက်သွားခဲ့ကြပြီဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ ဒီကစားသမားနှစ်ယောာက်က ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။
အာဆင်နယ်က ဝုလ်ဗ်ကို အိမ်ကွင်းမှာ ဂိုးပြတ်၊ ခြေပြတ်နဲ့ ငါးဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ကစားသမားဘဝ နောက်ဆုံးပွဲကို ဝင်ကစားပေးခဲ့တဲ့ ချာကာက ပွဲကစားချိန် (၁၅) မိနစ်မပြည့်ခင်မှာ အသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ချာကာဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်ကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် သူ့ရဲ့ အင်စတာဂရမ်ကနေ အာဆင်နယ်ပရိသတ်တွေကို ကြိုတင်နှုတ်ဆက်ထားခဲ့ပြီး အမ်းမရိတ်စ်မှာ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် ဝင်ကစားချိန်မှာတော့ သွင်းဂိုးတွေနဲ့ နှုတ်ဆက်ခဲ့တာပါ။ ဖေမီနိုကလည်း လီဗာပူးကစားသမားဘဝ နောက်ဆုံးပွဲမှာ အသင်းအတွက် သွင်းဂိုး သွင်းယူကာ နှုတ်ဆက်နိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်နဲ့ အဝေးကွင်းမှာ လေးဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ နောက်ဆုံးပွဲမှာ ဖေမီနိုက အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒီကစားသမားဟာ ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် အဖိုးတန်ချေပဂိုးကို လူစားဝင်ပြီး သွင်းယူပေးခဲ့ပါသေးတယ်။ အဲ့ဒီနောက် အန်ဖီးလ်ကွင်းထဲမှာ သူက လီဗာပူးပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပြီးပါပြီ။
စပါးကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ အရင်ကတည်းက အတည်ပြုထားပြီးသားဖြစ်တဲ့ လူးကပ်စ်မော်ရာကလည်း လိဒ်စ်ကို ၁-၄ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ လူစားဝင်လာပြီးနောက် နာကျင်အချိန်ပိုမှာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးကာ စပါးပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။