ပီအက်စ်ဂျီပရိသတ်တွေဟာ မနေ့ညက မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲမှာတောင် အဆိုပါ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရပါတယ်။ ကလာမောင့်ကို အိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ မက်ဆီက ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲကို ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မှာ မဟုတ်ဘဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။ ဒီအကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက အတည်ပြုခဲ့သလို မက်ဆီနဲ့ ပီအက်စ်ဂျီရဲ့ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တွေကလည်း အပြန်အလှန် နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီပရိသတ်တွေကတော့ မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲမှာတောင် မက်ဆီကို လေးစားမှုမရှိခဲ့ဘဲ မက်ဆီကို အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မက်ဆီဟာ အသင်းရလဒ်မကောင်းတိုင်း တရားခံဖြစ်နေခဲ့ပြီး ဒီရာသီအတွင်းမှာလည်း ပီအက်စ်ဂျီ အမာခံပရိသတ်တွေက မက်ဆီနဲ့အတူ နေမာကိုပါ အသင်းကနေ ထွက်သွားဖို့အတွက် စုဝေးဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အခု မက်ဆီ ထွက်သွားတော့မယ့် နောက်ဆုံးပွဲမှာတောင် ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ အခုလိုမျိုး လှောင်ပြောင်ခဲ့တဲ့ လုပ်ရပ်က စိတ်ပျက်စရာဖြစ်ခဲ့ပြီး မက်ဆီရဲ့ ပရိသတ်တွေက ပီအက်စ်ဂျီပရိသတ်တွေကို ဝေဖန်ပြစ်တင်နေကြပါတယ်။ မက်ဆီနဲ့အတူ ရာမို့စ်ကလည်း မနေ့ညက ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲကို ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
မက်ဆီအနေနဲ့ လက်ရှိအချိန်မှာ အနာဂတ်အတွက် ဆုံးဖြတ်ရခြင်းမရှိသေးဘဲ သူ့ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာ၊ ဆော်ဒီအာရေဗျကလပ်တွေနဲ့ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီတို့က စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကတော့ မက်ဆီအတွက် အမှန်အကန် ကြိုးစားနေပြီး မက်ဆီတစ်ယောက် အသင်းဟောင်းကိုသာ ပြန်လည်ပြောင်းရွှေ့သွားဖွယ်ရှိပါတယ်။