ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်ခဲ့တဲ့နောက် မက်ဆီက PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ခံထားပြီး စာချုပ်မှာ လက်မှတ်ရေးထိုးရမယ့် အဆင့်ပဲ ကျန်တော့တာပါ။
ဒါပေမယ့် အဲ့ဒီအချိန်က ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေတွေအရ မက်ဆီကို ခေါ်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာကြောင့် မက်ဆီလည်း သူ့ရဲ့ကစားသမားဘဝတစ်ခုလုံး မြှုပ်နှံခဲ့တဲ့ နူးကမ့်ကို မျက်ရည်လည်ရွှဲနဲ့ နှုတ်ဆက်ခဲ့ရပါတယ်။
ဘာစီလိုနာဟာ ဥက္ကဌဟောင်း ဘာတိုမြူရဲ့ စနက်တွေကြောင့် ဘဏ္ဍာရေးကျပ်တည်းခဲ့ရသလို နည်းပြ ရော်နယ်ကိုးမန်းကြောင့်လည်း အသင်းရဲ့ ကွင်းတွင်းရလဒ်တွေဆိုးဝါးခဲ့ပါတယ်။
အခုချိန်မှာတော့ ဘာစီလိုနာက အသင်းရဲ့ဂန္တဝင်ဟောင်း ဇာဗီကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီးနောက် တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဘာစီလိုနာကို ပြန်လည်မြင်တွေ့ခွင့်ရဖို့ ပရိသတ်တွေမျှော်လင့်နေပါပြီ။
ဒါ့အပြင် လက်ရှိအချိန်မှာလည်း သတင်းတွေရဲ့ဖော်ပြချက်အရ အသင်းကို စွန့်ခွာသွားတဲ့ မက်ဆီကလည်း လက်ရှိကလပ် PSG နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် (၂၀၂၃) မှာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လာဖွယ်ရှိနေပါတယ်။
အဓိကအကြောင်းရင်းကတော့ သူနဲ့ကစားဖော်အဖြစ် လက်တွဲခဲ့ဖူးတဲ့ ဇာဗီ နည်းပြအဖြစ် ဘာစီလိုနာကို ပြန်လည်ရောက်လာခဲ့တာကြောင့်ဖြစ်ပြီး ဇာဗီကိုယ်တိုင်ကလည်း မက်ဆီကို ခေါ်ယူဖို့ ကြိုးစားသွားလိမ့်မယ်လို့ မာကာသတင်းစာက ဖော်ပြခဲ့တာပါ။
ဇာဗီ ဘာစီလိုနာနည်းပြဖြစ်ဖြစ်ချင်းမှာလည်း မက်ဆီက ဇာဗီဆီကို ကံကောင်းစေဖို့ ဆုမွန်ကောင်းတောင်းပေးကြောင်း မက်ဆေ့ချ်ပို့ခဲ့ပါသေးတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာမြို့ကို လွမ်းဆွတ်နေရဆဲဖြစ်ပြီး အားလပ်ရက်တွေရတိုင်း ဘာစီလိုနာမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ပြန်လေ့ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။
မက်ဆီဟာ PSG အတွက် လက်ရှိအချိန်ထိ လိဂ်သွင်းဂိုးတစ်ဂိုးမှမရသေးဘဲ ဒဏ်ရာနဲ့ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်နေရပါတယ်။ PSG နဲ့ မက်ဆီတို့ရဲ့ စာချုပ်မှာ နောက်ထပ် (၁) နှစ် ထပ်မံသက်တမ်းတိုးခွင့်ရှိတယ်လို့ ဆိုထားပေမယ့် ဘာစီလိုနာသာ ဇာဗီနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ရင် မက်ဆီတစ်ယောက် (၂၀၂၃) မှာ ဘာစီလိုနာကို ပြန်ရောက်သွားနိုင်ဖွယ်ရှိပါတယ်။