မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ပရီးမီးယားလိဂ် ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်လည်းဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၆) ဂိုးအထိ ရရှိနေပါပြီ။
ဒီပွဲမတိုင်ခင်က ဟာလန်းတယောက် ဖိုဒန်ဆီက အပိုင်အခွင့်အရေးတွေ မရတဲ့အပေါ် ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဖိုဒန်ဟာ ဘုန်းမောက်နဲ့ပွဲ၊ နယူးကာဆယ်နဲ့ပွဲတို့မှာ အပိုင်အခွင့်အရေးတွေကို ဟာလန်းအတွက် မခင်းပေးဘဲ တယောက်တည်း တကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ဒီအခွင့်အရေးတွေကလည်း ဂိုးမဖြစ်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။
ပရိသတ်တွေကတော့ ဖိုဒန်တယောက် ဟာလန်းကို ပညာပြနေတယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် မနေ့ညက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာတော့ ဖိုဒန်ရဲ့ ဖြတ်တင်ဘောကတဆင့် ဟာလန်းက သွင်းဂိုးတဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဟာလန်းဟာ စတုန်းစ်၊ ဂွန်ဒိုဂန်တို့ရဲ့ ဖန်တီးမှုတွေကတဆင့် ဟက်ထရစ်ရရှိခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ ဟာလန်းက “နောက်ဆုံးတော့ ဖိုဒန်က ကျနော့်ဆီကို ဘောလုံးပေးပြီလေ။ အဲ့ဒါ တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲဗျာ” လို့ နောက်ပြောင်ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းဟာ ရာသီအဖွင့် ဝက်စ်ဟမ်းနဲ့ပွဲမှာတည်းက နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်ရဖို့ အဲ့ဒီပွဲမှာ ရည်ရွယ်ခဲ့တာပါ။
ဒါပေမယ့်လည်း နည်းပြ ဂွါဒီယိုလာက သူ့ကို လူစားလဲခဲ့တာကြောင့် ဟက်ထရစ်မရရှိခဲ့ဘဲ မန်စီးတီးကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဟာလန်းကလည်း ဂိုးတွေထပ်မံသွင်းယူမယ့်အကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။