ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီကတော့ နောက်စေ့မှာ မျက်စိပါသလား မှတ်ရလောက်အောင်ကို သေသပ်တဲ့ စွမ်းဆောင်ရည်တခုကို ပီအက်စ်ဂျီရဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ ပြသသွားခဲ့ပါတယ်။ တိုက်စစ်အတွဲဖော် နေမာနဲ့အမ်ဘာပေတို့အကြား တင်းမာမှုတွေရှိခဲ့သလို အမ်ဘာပေက မက်ဆီကိုလည်း ဝင်တိုက်ပြီး ဆက်ဆံရေးအဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မက်ဆီကတော့ သူ့ရဲ့လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်နေဆဲလည်းဖြစ်ပါတယ်။
လေ့ကျင့်ရေးကွင်းမှာ မက်ဆီက အမ်ဘာပေနဲ့ အကောင်းဆုံးအတွဲအဖက် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး နှစ်ဖက်ခွဲကစားရတဲ့ ပွဲငယ်လေးတပွဲမှာ မက်ဆီက အမ်ဘာပေအတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီက အမ်ဘာပေထံ ပေးလိုက်တဲ့ ဘောလုံးကို အမ်ဘာပေက မက်ဆီထံ ပြန်အပေး၊ အဲ့ဒီနောက်မှာ မက်ဆီက အမ်ဘာပေ ဘယ်မှာရှိလဲဆိုတာကို လှည့်တောင်မကြည့်ဘဲ ကျောပေးလျက် အနေအထားနဲ့ ကွက်တိရောက်အောင် ပေးခဲ့တာဖြစ်ပါတယ်။
မက်ဆီပေးပို့လိုက်တဲ့ဘောလုံးကို အမ်ဘာပေက လက်ခံရယူပြီးနောက် ခန္ဓာကိုယ်ကို တပတ်လှည့်ကာ ဂိုးထဲဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ မက်ဆီနဲ့အမ်ဘာပေတို့ လေ့ကျင့်ရေးကွင်းမှာ ဒါမျိုးလှလှပပတွဲဖက်နိုင်တာ အခုမှတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတည်းက နှစ်ယောက်အကြားမှာ ဒါမျိုး အတွဲအဖက်တွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ မက်ဆီရဲ့ ဖန်တီးပေးမှုအပေါ်မှာ “မက်ဆီရဲ့ နောက်စေ့မှာ မျက်စိပါနေတာ သေချာသွားပါပြီ” “ဘောလုံးအမြင်ကတော့ ပြိုင်စံရှားပဲ” “မက်ဆီက အမ်ဘာပေကို ဘယ်လိုများ မြင်လိုက်တာလဲ” “မက်ဆီရဲ့ ဒီပေးပို့မှုက ဘယ်ကနေ ဘယ်လိုထွက်သွားခဲ့တာလဲ“ အစရှိသဖြင့် အမျိုးမျိုး ချီးကျူးနေကြပါတယ်။
အမ်ဘာပေဟာ အသင်းမှာ မက်ဆီနဲ့ရာမို့စ်တို့ လွှမ်းမိုးမှုကြီးထွားလာတဲ့အပေါ် မကျေမနပ်ဖြစ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မက်ဆီကတော့ ဘာကိုမှအာရုံမစိုက်ဘဲ လေ့ကျင့်ရေးကွင်းမှာရော၊ ကွင်းတွင်းခြေစွမ်းမှာပါ အကောင်းဆုံး စွမ်းဆောင်ပြနေတာလည်း ဖြစ်ပါတယ်။