COVID-19 မပေါ်ခင်က ကမ္ဘာကြီးကပ်ရောဂါဘေးဆိုက်တော့မယ်လို့ ခန့်မှန်းခဲ့တဲ့ Microsoft သူဌေးကြီးဟာ နောက်ထပ်ခန့်မှန်းချက်တစ်ခု ထုတ်ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်နှစ်ပတ်လည် လုံခြုံရေးကွန်ဖရင့်မှာ Bill & Melinda Gates Foundation ပူးတွဲဥက္ကဖြစ်တဲ့ ဘီလ်ဂိတ်စ်က CNBC ကို ပြောခဲ့တာပါ။ သောကြာနေ့က သူ့ရဲ့ ပြောကြားချက်ထဲမှာ လက်ရှိ COVID-19 ကြောင့် ပြင်းထန်တဲ့ရောဂါဖြစ်နှုန်းတွေ သိသိသာသာ လျော့ကျသွားပေမယ့် နောက်ထပ်ကပ်ရောဂါဘေးတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။
Photo: vox
နောက်ထပ် ဖြစ်လာနိုင်တဲ့ ကပ်ရောဂါသစ်ဟာ ကိုရိုနာဗိုင်းရပ်စ်နွယ်ဝင်နဲ့ မတူတဲ့ရောဂါပိုးကနေ အစပျိုးလာနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။ အခုကတည်းက ဆေးဘက်ဆိုင်ရာမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ထားမယ်ဆိုရင် ဆေးဝါးနည်းပညာဖွံ့ဖြိုးမှုတွေက ပိုပြီး ထိထိရောက်ရောက် ဟန့်တားတိုက်ဖျက်နိုင်မယ်လို့လည်း ဘီလ်ဂိတ်စ်က ပြောပါတယ်။
"ကျွန်တော်တို့ နောက်ထပ် ကပ်ရောဂါဘေးတစ်ခု တွေ့လာပါလိမ့်မယ်။ နောက်တစ်ကြိမ်က မတူတဲ့ရောဂါပိုးမျိုးကွဲနဲ့ ဖြစ်ပါလိမ့်မယ်။"လို့ ဂိတ်စ်က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသက်တမ်း နှစ်နှစ်အတွင်း ကမ္ဘာ့လူထုမှာ ကိုယ်ခံအားအထိုက်အလျောက်ရှိလာတာကြောင့် အိုမီခရွန်မျိုးကွဲမှာ ရောဂါပြင်းထန်မှုလျော့ပါးလာပြီး အဆိုးဆုံးသက်ရောက်မှုမျိုး ဖြစ်တာ သက်သာလာတယ်လို့ ဂိတ်စ်က ပြောပါတယ်။ နောင်လာမယ့်ကပ်ဘေးအတွက် စောစောစီးစီး ပြင်ဆင်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်ရင် အခုတစ်ခေါက်လိုမျိုး ကမ္ဘာ့ကပ်ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဂိတ်စ်က ဆိုပါတယ်။
Photo: mercurynews
Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ဟာ COVID-19 တိုက်ဖျက်ရေးမှာ ကိုယ်တိုင်ဒေါ်လာဘီလျံပေါင်းများစွာ လှူဒါန်းပြီး ရှေ့တန်းက ပါဝင်မှုကြောင့်လည်း ထင်ရှားပါတယ်။ ဂိတ်စ်ဟာ သူတည်ထောင်ထားတဲ့ Bill & Melinda Gates Foundation ကနေတစ်ဆင့် ယူကေရဲ့ Wellcome Trust အဖွဲ့နဲ့ ပူးပေါင်းပြီး ကပ်ရောဂါဘေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုအဖွဲ့အစည်း CEPI ကို ဒေါ်လာသန်း ၃၀၀ လှူပြီး ဝင်ငွေနည်း-နဲ့ အလတ်တန်းဝင်ငွေရှိ နိုင်ငံများအတွက် ကိုဗစ်ဆေးဖြန့်ဖြူးပေးနိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။
COVID-19 ကပ်မပေါ်ပေါက်ခင် ၂၀၁၅ TED Talk တစ်ခုမှာ ကမ္ဘာကြီးဟာ နောက်လာမယ့်ကပ်ဘေးအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ဂိတ်စ်က ပြောခဲ့ပါတယ်။