ဘာစီလိုနာဟာ နောက်ထပ်ကစားသမားတယောက်ဖြစ်တဲ့ တိုက်စစ်မှူး ဘရိတ်ဝိတ်ကို အသင်းကနေ ရှင်းထုတ်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေနေတယ်လို့ သိရှိရပါတယ်။ ဘရိတ်ဝိတ်ကို ဘာစီလိုနာက အရောင်းစာရင်းတင်ထားပြီး ကမ်းလှမ်းမှုတွေလည်းရှိနေပါတယ်။
ဒီကစားသမားကို ဆော်ဒီကလပ်တွေဘက်က စိတ်ဝင်တစားနဲ့ ကမ်းလှမ်းထားတာပါ။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာကနေ ထွက်ခွာဖို့ စိတ်ဝင်စားခြင်းမရှိပါဘူး။ ဘာစီလိုနာဟာ ဘရိတ်ဝိတ်နဲ့ စာချုပ်ကိုဖျက်သိမ်းဖို့လည်း ကြိုးစားခဲ့ပါသေးတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ တနှစ်စာလျော်ကြေးပေးဖို့ ကမ်းလှမ်းထားပါတယ်။
ဒါပေမယ့်လည်း ကစားသမားကတော့ သူ့စာချုပ်လက်ကျန်သက်တမ်းဖြစ်တဲ့ (၂) နှစ်စာ လုပ်ခပမာဏကို အသင်းကနေ ပေးချေမှသာ ထွက်ခွာပေးမယ်လို့ အသိပေးခဲ့တာကြောင့် ဘာစီလိုနာတို့ အခက်တွေ့နေရပါတယ်။ ဘာစီလိုနာဟာ ကစားသမားသစ်တွေထဲက ဆီဗီလာကနေ ခေါ်ယူထားတဲ့ နောက်ခံလူ ကွန်ဒေးကို မှတ်ပုံတင်ဖို့ ကျန်ရှိနေဆဲပါ။
ဒီအတွက် အသင်းမှာရှိတဲ့ ကစားသမားတယောက်ကို သေချာပေါက် ရှင်းထုတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက မလိုအပ်တဲ့ ကစားသမားတွေနဲ့ လမ်းခွဲနိုင်ဖို့လည်း ကြိုးစားနေပြီး အခုချိန်မှာတော့ ဘရိတ်ဝိတ်ကို (၂) နှစ်စာမပြောနဲ့၊ မူလကမ်းလှမ်းထားတဲ့ တနှစ်စာလျော်ကြေးတောင် မပေးဘဲ အသင်းကနေ ရှင်းထုတ်နိုင်မယ့်နည်းလမ်းကို ရှာဖွေနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။
ဘာစီလိုနာဟာ ဖရန်ကီဒီဂျောင်၊ ပီကေး၊ လန်းဂ်လတ်၊ တာစတီဂန်တို့ကို ဘာတိုမြူတို့အဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ တရားမဝင်အချက်အလက်တွေ ပါဝင်တယ်ဆိုပြီး လစာလျှော့မယူရင် တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပီကေး၊ လန်းဂ်လတ်၊ တာစတီဂန်တို့က ဒီအပေါ်မှာ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီဂျောင်ကတော့ တရားရုံးတက်ဖို့ အသင့်ရှိနေပြီး အခုတခါမှာလည်း ဘာစီလိုနာတို့ ဘရိတ်ဝိတ်အတွက် နည်းလမ်းတွေ ရှာဖွေနေကြပြန်တာဖြစ်ပါတယ်။