ရော်နယ်ဒိုဟာ အာရှချန်ပီယံလိဂ် အုပ်စုပွဲအတွက် အဝေးကွင်း သွားကစားဖို့ အီရန်မြေကို သွားရောက်ခဲ့ချိန်မှာ အမျိုးသမီးတစ်ယောက်ကို နမ်းရှုံ့၊ အသားချင်းထိ၊ ဖက်ခဲ့တာကြောင့် တရားစွဲဆိုခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
အယ်လ်နာဆာနဲ့အတူ အဝေးကွင်းကစားဖို့ အီရန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ ရော်နယ်ဒိုဟာ အီရန်နိုင်ငံကို ရောက်ရှိနေချိန်မှာ သူ့ရဲပုံတူပန်းချီကားတွေ ရေးဆွဲထားသူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုမျိုး တွေ့ဆုံချိန်မှာ ရော်နယ်ဒိုက အဆိုပါ အမျိုးသမီးငယ်ရဲ့ ပါးကိုနမ်းခဲ့သလို ပခုံးကိုလည်း ကိုင်ပြီး ပန်းချက်ကားတွေနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အီရန်နိုင်ငံရဲ့ ရှေ့နေတွေက ရော်နယ်ဒိုသာ နောက်တစ်ကြိမ် အီရန်မြေကို ထပ်လာခဲ့ရင် ဖမ်းဆီးတရားစွဲဖို့ တွန်းအားပေး ပြင်ဆင်နေကြတာပါ။ အီရန်နိုင်ငံမှာ “99 Lashes” ဆိုတဲ့ ဥပဒေရှိပြီး ဒါဟာ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်ကို အသားချင်းထိတွေ့မှုအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့ပရိသတ်ကို ရိုးရိုးသားသား တွေ့ဆုံနှုတ်ဆက်ခဲ့ရုံသာဖြစ်ပေမယ့် အီရန်နိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် အခက်တွေ့ရဖွယ်ရှိပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါအမျိုးသမီး ပရိသတ်ကို သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကိုလည်း လက်ဆောင်ပေးခဲ့ပါသေးတယ်။
ရော်နယ်ဒို တစ်ယောက် ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း အာရှချန်ပီယံလိဂ် အဝေးကွင်းပွဲကစားဖို့ အီရန်နိုင်ငံကို အသင်းနဲ့အတူ ရောက်ရှိနေချိန်မှာ ဒီပြဿနာဖြစ်ပွားခဲ့တာပါ။ ဒီနှစ်သင်းကတော့ အုပ်စုတွင်းမှာ ထပ်တွေ့နိုင်ခြေမရှိတော့ပေမယ့် အယ်လ်နာဆာသာ နောက်တစ်ဆင့်ကို တက်ရောက်ပြီး အခြားသော အီရန်အသင်းတစ်သင်းနဲ့ ထပ်မံတွေ့ဆုံရင်တော့ ရော်နယ်ဒိုအတွက် အခက်ရစရာဖြစ်လာပါလိမ့်မယ်။