ယူနိုက်တက်မှာ ရင်းနှီးတဲ့အသင်းဖော်တွေဖြစ်ခဲ့ဖူးပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူအဲရစ်ဘိုင်ယီဟာ စီးရီးအေကလပ်အေစီမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ နာမည်ကျော်သတင်းထောက်တဦးဖြစ်တဲ့ ဒီမာဇီယိုက ပြောဆိုလိုက်ပါတယ်။ အိုင်ဗရီကို့စ်နောက်ခံလူဟာ ပြောင်းရွှေ့ဖို့အတွက် ကနဦးသဘောတူညီမှုရရှိထားပြီး အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းနေတယ်လို့လည်း ဆိုပါတယ်။ 

ယူနိုက်တက်ခံစစ်မှာ ပုံမှန်ကစားခွင့်ရှားပါးနေတဲ့ ဘိုင်ယီဟာ လင်ဒီလော့ဖ်၊ ဗာရန်း၊ မက်ဂွိုင်းယားတို့နောက်မှာသာ ဦးစားပေးခံနေရတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်နောက်ခံလူဟာ နောက်ဆုံး ၃ ရာသီအတွင်း ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၂၀ သာ ကစားပေးခဲ့ရပြီး ဒဏ်ရာပြသနာတွေ၊ ခြေစွမ်းကျဆင်းမှုတွေနဲ့ ရုန်းကန်ခဲ့ရပြီး အခက်တွေ့ခဲ့ရပါတယ်။ 

လက်ရှိမှာတော့ သူက အိုင်ဗရီကို့စ်အတွက် အာဖရိကဖလားပွဲသွားရောက်ကစားပေးနေပြီး အဆိုပါပြိုင်ပွဲပြီးပါက အေစီမီလန်ရဲ့ ကစားသမားသစ်အဖြစ် တရားဝင်ကြေညာဖွယ်လည်းရှိနေပြီဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ သူဟာ ယူနိုက်တက်အသင်းဖော်ဟောင်း ဇလာတန်နဲ့ ပြန်လည်ဆုံဆည်းရတော့မှာလည်းဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ ယူနိုက်တက်မှာ ခင်မင်ရင်းနှီးသူတွေဖြစ်ပြီး တဦးနဲ့တဦး တိုက်ခိုက်စနောက်တဲ့အထိ ရင်းနှီးခဲ့ကြပါတယ်။ နည်းပြသစ်ရန်းဂ်နစ်ခ်လက်ထက်မှာလည်း ပုံမှန်နေရာပျောက်ဆုံးပြီး အထင်ကြီးမခံရတဲ့ ဘိုင်ယီအတွက်တော့ အေစီမီလန်က ကောင်းမွန်တဲ့ရွေးချယ်မှုတခုဖြစ် လာဖို့ရှိနေပြီး အီတလီမှာ ခြေစွမ်းပြနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ 


ကျားကုတ်ကျားခဲနဲ့ အားထည့်ကစားတတ်ကာ ကစားပုံကောင်းမွန်ပေမယ့်လည်း ဆင်ခြင်မှုအားနည်းသူလို့ သတ်မှတ်ခံထားရတဲ့ ဘိုင်ယီဟာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်ဖလား၊ လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က