ပထမတကြိမ်က ဘင်ဖီကာနဲ့ တွေ့တာပါ။

ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေအပြီးသတ်ချိန်မှာတော့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဒေါသထွက်နေတယ်လို့ သိရပါတယ်။ မူလက ရေးဆွဲထားမှုအရဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ ဘင်ဖီကာနဲ့သာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းက မဲခွဲမှုအပေါ်ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပြီး ပြန်လည်ရွေးချယ်ခဲ့ရာမှာတော့ ပီအက်စ်ဂျီနဲ့ ရီးရဲလ်တို့ တွေ့ဆုံခဲ့ပါတယ်။ 

အရှက်ရဖွယ်ရာအမှားအယွင်းတွေရှိခဲ့တာဖြစ်ပြီး ဒီလိုမဲပြန်ခွဲတာဟာ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်လို့တောင် ဆိုရပါလိမ့်မယ်။ နည်းပညာပိုင်းချိုု့ယွင်းမှုကြောင့်လို့ ယူအီးအက်ဖ်အေက ကြေညာခဲ့ပြီး မဲခွဲမှုမှာ အုပ်စုတွင်းတွေ့ဆုံထားပြီးဖြစ်တဲ့ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ ပြန်ဆုံတွေ့ခဲ့လို့ မဲပြန်နှိုက်ခဲ့ရသလို အေတီကိုနဲ့ရင်ဆိုင်ရမယ့် မဲအိုးထဲမှာလည်း အုပ်စုတွင်းပြိုင်ဘက်လီဗာပူးလ်ကပါသွားပြီး ယူနိုက်တက်က မပါခဲ့ဘဲရှိနေခဲ့တာပါ။ 

ဘင်ဖီကာနဲ့တွေ့လို့ ပွဲချောင်ခဲ့တဲ့ ရီးရဲလ်က မဲပြန်နှိုက်ခဲ့မယ်ဆိုရင်လည်း သူတို့ရဲ့တွဲဆိုင်းထွက်ပေါ်ပြီးမှ အမှားအယွင်းတွေဖြစ်လာတာမို့ သူတို့တွဲဆိုင်းကို ဒီတိုင်းသာထားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မရခဲ့ဘဲ အစအဆုံးပြန်ရွေးချယ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ရင်ဆိုင်လိုက်ရကာ ယူအီးအက်ဖ်အေက နည်းပညာပိုင်းချို့ယွင်းတယ်လို့ လွှဲချကာ လိမ်ညာခဲ့တယ်လို့ စွပ်စွဲခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 

ESPN ကလည်း "ဆော့ဝဲအမှားဆိုပြီးတော့ပြောခဲ့တာက လိမ်ညာတာပါပဲ၊ ဒါက လူသားအမှားပါ၊ ဒုတိယတွဲဆိုင်းအတွက် စကတည်းက မှားနေခဲ့တာပါ၊ ကျွန်တော်တို့ ရီးရဲလ်-ဘင်ဖီကာတွဲဆိုင်းက တရားဝင်ပါတယ်" လို့ ဘာနေဗျူးကလပ်နဲ့နိးစပ်သူတဦးက ပြောဆိုခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ ရီးရဲလ်အသင်းဒါရိုက်တာ Emilio Butragueno ကလည်း အသင်းပိုင်ရုပ်သံကတဆင့် "နားလည်ဖို့ခက်ခဲလွန်းပါတယ်၊ အံ့အားသင့်စရာပါ၊ မဲနှိုက်တာကိုထိုင်ကြည့်နေတဲ့ သန်းနဲ့ချီတဲ့ပရိသတ်တွေကိုထည့်တွက်ရပါလိမ့်မယ်"

"ဒီပြိုင်ပွဲက ကလပ်အသင်းတွေနဲ့ ပရိသတ်တွေအတွက် ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ အခုတော့ တွေ့ဆုံမှုက စိတ်လှုပ်ရှားစရာပါပဲ၊ ပီအက်စ်ဂျီကစားသမားတွေရဲ့ အရည်အသွေးနဲ့ ခက်ခဲစေမှုတွေကို ကျွန်တော်တို့နားလည်ပါတယ်၊ ပွဲကောင်းနှစ်ပွဲကစားနိုင်မယ်လို့ ယုံကြည်ပါတယ်၊ သူတို့ကလည်း အသင်းကောင်းပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

က္က