ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုက သူဟာ အသင်းမှာ နောက်တရာသီဆက်ရှိနေမယ်ဆိုတာကို အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ နည်းပြသစ်တန်ဟက်ဂျ်ရောက်လာမယ့်ရာသီမှာ အသင်းကထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် အခုအခါမှာတော့ တန်ဟက်ဂျ်ကို အချိန်ပေးရမယ်လို့ သုံးသပ်ကာ သူ့အနာဂတ်ကိုပါ အသိပေးလိုက်တာဖြစ်ပါတယ်။
တန်ဟက်ဂျ်ကတော့ အေဂျက်ဇ်နဲ့အတူ ဟော်လန်အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်နဲ့ မကြာခင်မှာ ပူးပေါင်းတော့မှာဖြစ်ပါတယ်။ တန်ဟက်ဂျ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုက ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပထမဆုံးအကြိမ်ပြောဆိုမှုတွေပြုလုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။
"သူက အေဂျက်ဇ်မှာ အရမ်းကောင်းတဲ့အလုပ်တွေကို လုပ်ခဲ့တယ်ဆိုတာ ကျနော်သိတယ်၊ ပြီးတော့ အတွေ့အကြုံရင့်တဲ့ နည်းပြလည်းဖြစ်ပါတယ်၊ ဒါပေမယ့် သူ့အတွက် ကျနော်တို့ အချိန်ပေးရပါလိမ့်မယ်၊ သူ လိုချင်တဲ့ပုံစံအတိုင်း ပြောင်းလဲမှုတွေရှိလာမယ်၊ ခင်ဗျားသာကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ယူနိုက်တက်က အားလုံးအောင်မြင်လိမ့်မယ်၊ သူ အကောင်းဆုံးဖြစ်ပါစေလို့ ကျနော်ဆုတောင်းတယ်"
" သူရောက်လာလို့ ကျနော်တို့အားလုံးလည်း ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေကြပါတယ်၊ ကစားသမားတွေအနေနဲ့ရော၊ ပရိသတ်တွေအဖြစ်ရောပေါ့၊ လာမယ့်ရာသီမှာ ကျနော်တို့ ဆုဖလားတွေဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ဒီရာသီမှာအသင်းအတွက် ၃၉ ပွဲကစားပေးထားပြီး ၂၄ ဂိုးအထိ သွင်းယူပေးထားပါတယ်။