နောက်ခံလူနှစ်ယောက်ရဲ့သွင်းဂိုးတွေနဲ့ အာဆင်နယ်တို့ နိုင်ပွဲရရှိခဲ့တာပါ။

အာဆင်နယ်ကတော့ အဝေးကွင်းမှာ လိုအပ်နေတဲ့ နိုင်ပွဲတပွဲကို ထပ်မံရယူသွားခဲ့တာဖြစ်ပါတယ်။ အခက်တွေ့နေကျ ဝက်စ်ဟမ်းကွင်းမှာ ရင်ဆိုင်ရတာ အာဆင်နယ်အတွက် လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ဝက်စ်ဟမ်းက ယူရိုပါလိဂ်ရှိတာရယ်၊ နောက်တန်းမှာ ပြဿနာတွေရှိတာရယ်ကြောင့် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပါတယ်။



နောက်ခံအတွင်းလူနေရာကို ခရက်စ်ဝဲလ်ဝင်ကစားခဲ့ရပြီး အန်တိုနီယို၊ ဆိုချက်ခ်တို့ အရံခုံမှာပဲရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒကလန်ရိုက်စ်၊ လန်ဇီနီ၊ ဘန်ရာဟာမာ၊ ဘိုဝင်တို့နဲ့ တောင့်တင်းတဲ့လူစာရင်းဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အာဆင်နယ်နောက်တန်းမှာ တိုမီယာဆု ပြန်လည်ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ အန်ကီတီယာ၊ ဆာကာ၊ မာတီနယ်လီတို့ ပွဲထွက်ခဲ့ပါတယ်။

ဝက်စ်ဟမ်းက အိမ်ကွင်းအားနဲ့ ရုန်းကစားခဲ့တာကြောင့် အာဆင်နယ်အတွက် လွယ်ကူတဲ့ပွဲတပွဲတော့ မဖြစ်ခဲ့ပါဘူး။ တာဗာရက်စ်ဘက်ခြမ်းကနေ ဘိုဝင်၊ ဖော်နယ်စ်တို့ကို ကြိုးစားထိန်းချုပ်ခဲ့ရပြီး ဦးဆောင်ဂိုးရခဲ့ပေမယ့် ချေပဂိုးလည်း ချက်ချင်းပြန်ပေးခဲ့ရပါတယ်။

အာဆင်နယ်အတွက် ဦးဆောင်ဂိုးကိုတော့ ဆာကာရဲ့ ထောင့်ကန်ဘောကတဆင့် ဟိုးလ်ဒင်းက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဦးဆောင်မှုက ကြာကြာမခံခဲ့ဘဲ ပထမပိုင်းပြီးခါနီးမှာ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ကူဖယ်လ်ရဲ့ ဖြတ်တင်ဘောကတဆင့် ဘိုဝင်က တချက်ထိန်းပြီး လှလှပပကန်သွင်းခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ အနိုင်ဂိုးရဖို့ ဖိအားပေးခဲ့ပြီး မာတီနယ်လီရဲ့ ပေးပို့မှုကို ဂါဘရီရဲလ်ကပဲ ခေါင်းတိုက်ပိတ်သွင်းသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းက ချေပဂိုးရဖို့ ဖိအားပေးခဲ့ပေမယ့် ဂိုးရနိုင်လောက်တဲ့ အပိုင်အခွင့်အရေးမရခဲ့ပါဘူး။

အာဆင်နယ်က အန်ကီတီယာ တန်ပြန်တိုက်စစ်က အခွင့်အရေးတွေကိုလည်း ဂိုးအဖြစ် မပြောင်းလဲနိုင်တာကြောင့် အာဆင်နယ်တို့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် (၄) နေရာကို ပြန်လည် ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က