လီဗာပူး နည်းပြ ကလော့ပ်က ဒီပွဲမှာလည်း အာနိုးလ်ကို ထည့်မသုံးဘဲ ညာနောက်ခံလူနေရာမှာ မီလ်နာကို အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ကာတစ်ဂျုံးစ်၊ ဖာဘင်ဟို၊ အီလီယော့တို့ကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာလာ၊ ဖေမီနို၊ ကာဗယ်လ်ဟိုတို့ ပွဲထွက်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ကတော့ လင်ဂတ်၊ ကူယာတေး၊ အဝိုနီယီ၊ အော်ရီယာ၊ နီကိုဝီလီယံစ်၊ ဒင်းဟန်ဒါဆန်တို့ကို အမာခံထား ပွဲထွက်ခဲ့ပါတယ်။
ပွဲက ပထမပိုင်းမှာ တော်တော်လေးပျင်းဖို့ကောင်းပြီး လီဗာပူးရဲ့ တိုက်စစ်ဆင်မှုအများစုက စိတ်လှုပ်ရှားစရာ သိပ်မရှိခဲ့ပါဘူး။ ခြိမ်းခြောက်မှုတွေက မထိရောက်ခဲ့ဘဲ နော်တင်ဟမ်ဖောရက်စ်ရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း ပြန်သတိထားခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဘာမှထွေထွေထူးထူး မလုပ်နိုင်ခဲ့ဘဲ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ကစားပုံရော၊ အခွင့်အရေး ဖန်တီးမှုအပိုင်းမှာ ထက်မြက်မှုပျောက်ဆုံးခဲ့ပြီး ဘာထိရောက်မှုမှမရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ပွဲကစားချိန် (၅၄) မိနစ်မှာတော့ လီဗာပူးတို့ ဂိုးပေးလိုက်ရပြီး ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ အမှန်ဆို ဒီဂိုးကို အစပြုစေခဲ့တဲ့ ပြစ်ဒဏ်ဘောကလည်း အပိုင်အခွင့်အရေးဖြစ်နိုင်ခဲ့တဲ့အလုံးပါ။
ဂျိုးဂိုးမက်ဇ် လူပေးမှားခဲ့ပြီး ပြိုင်ဘက်ကို ဆွဲချခဲ့တာကတဆင့် ကွင်းလယ်မှာ ပြစ်ဒဏ်ဘောပေးခဲ့ရတာဖြစ်ပါတယ်။ အဝိုနီယီရဲ့ ထပ်ဆင့်ပိတ်သွင်းမှုက ဒီပြစ်ဒဏ်ဘောကနေတဆင့် မြစ်ဖျားခံခဲ့ပြီး ပထမအကြိမ် ပိတ်သွင်းမှုက တိုင်ထိခဲ့ပေမယ့် နောက်တကြိမ်မှာတော့ အဝိုနီယီရဲ့ ကန်ချက်က အမှားအယွင်းမရှိခဲ့ဘဲ နော်တင်ဟမ်ဖောရက်စ်တို့ ဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကိုရရှိခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ လီဗာပူးတို့ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကစားပုံကလည်း ပုံမှန်အောက်အဆင့်မှာသာရှိနေခဲ့ပြီး ဒင်းဟန်ဒါဆန်ကလည်း လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်သွားခဲ့တာကြောင့် လီဗာပူးတို့ အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်ဟာ ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့အသင်းဖြစ်ပြီး အခု လီဗာပူးကိုနိုင်တဲ့ပွဲကလည်း သူတို့အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက်နိုင်ပွဲဖြစ်ခဲ့ပါတယ်။