နော်ဝေနိုင်ငံမှာ အမျိုးသားတစ်ဦးက လေးနဲ့မြား အသုံးပြုတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
နော်ဝေနိုင်ငံမြို့တော် အော်စလိုမြို့ အနောက်တောင်ဘက်ရှိ Kongsberg မြို့မှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ၁၃ မိနစ်ဝန်းကျင်က တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပထမသတင်းပေးတိုင်ကြားမှု လက်ခံရရှိခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အသက် ၃၇ နှစ်အရွယ် ဒိန်းမတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။
၎င်းဟာ တိုက်ခိုက်မှုကို တစ်ဦးတည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ဆောင်မှုဟုတ် မဟုတ် စုံစမ်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ နော်ဝေဝန်ကြီးချုပ် Erna Solberg က ယခုဖြစ်ရပ်ဟာ ထိတ်လန့်တုန်လှုပ်စရာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
(Photo: AFP)
"လူအများအပြား ကြောက်လန့်နေကြတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ အခု ရဲတပ်ဖွဲ့က ထိန်းချုပ်နိုင်ပြီဆိုတာကို အလေးထားဖို့ အရေးကြီးပါတယ်" လို့ သူမက ပြောပါတယ်။ လေးနဲ့မြားသုံးပြီး တိုက်ခိုက်သူဟာ Kongsberg မြို့ရှိ Coop Extra စူပါမတ်ကက်အတွင်း စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် ထိုစဥ်က စူပါမတ်ကက်မှာ ဈေးဝယ်နေခဲ့သူ တာဝန်ချိန်ပြင်ပ ရဲအရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ စူပါမတ်ကက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီကလည်း ၎င်းတို့ရဲ့ဆိုင်အတွင်း ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းနဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လေးနဲ့မြားဖြင့် တိုက်ခိုက်သူဟာ ကနဦးမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံစဥ် လွတ်မြောက်သွားခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၇ မိနစ်မှာ ၎င်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Oyvind Aas က အတည်ပြုပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီး ၃၄ မိနစ်အကြာမှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
(Map: BBC)
မျက်မြင်တွေ့ရှိတဲ့ အမျိုးသမီးတစ်ဦးက TV2 သတင်းဌာနကို ပြောကြားရာမှာ ရုတ်ရုတ်သဲသဲဖြစ်တဲ့ အသံကြားခဲ့ရပြီး အမျိုးသမီးတစ်ဦး အကာအကွယ်ယူနေခဲ့တာ တွေ့ရကြောင်းနဲ့ ထို့နောက် ပခုံးမှား မြားတွေပါတဲ့ မြားကျည်တောက်လွယ်ထားပြီး လက်ထဲမှာ လေးတစ်လက်ကိုင်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
"အဲဒီနောက် လူတွေ အသက်လု ထွက်ပြေးနေကြတာ ကျွန်မ မြင်ခဲ့တယ်၊ ထွက်ပြေးနေကြသူတွေထဲမှာ ကလေးတစ်ယောက်ကို ပွေ့ချီထားတဲ့ အမျိုးသမီးတစ်ယောက်လည်းပါတယ်" လို့ သူမက ဖြည့်စွက်ပြောပါတယ်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်မှာ တိုက်ခိုက်သူဟာ လေနဲ့မြားအပြင် အခြားလက်နက်များ အသုံးပြုခဲ့ခြင်းရှိ မရှိကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း BBC သတင်းက ဖော်ပြပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သံသယရှိသူကို Drammen မြို့ရှိ ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့တာ သုံးနာရီကျော်ကြာပြီဖြစ်ကြောင်းနဲ့ ၎င်းရဲ့အမှုသည်က အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း တရားခံရှေ့နေ Fredrik Neumann က ပြောပါတယ်။ လေးနဲ့မြားသုံးပြီး လူတွေကို တိုက်ခိုက်ခဲ့မှုဖြင့် ဖမ်းဆီးခံထားရတဲ့ သံသယရှိသူရဲ့ မိခင်ဟာ ဒိန်းမတ်လူမျိုးဖြစ်ပြီး ဖခင်က နော်ဝေလူမျိုးဖြစ်တယ်လို့လည်း ရှေ့နေကဆိုပါတယ်။