တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ထဲက ကျားကွက်သစ်လမ်းနဲ့ ဓမ္မဝိဟာရလမ်းထောင့်မှာဖွင့်ထားတဲ့ ဒီဒီ အမဲကင်ဆိုင်ဟာဆိုရင် ဆိုင်စဖွင့်တာနဲ့ အမဲကင်ကြိုက်ကြတဲ့ စားသုံးသူတွေ ပတ်ချာလည်နေအောင် စောင့်ဆိုင်းနေရတဲ့ ဆိုင်ကလေးဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ဟိုတယ်မှာ ၁၃နှစ်ကြာ စားဖိုမှူးလုပ်ခဲ့သူ ဖွင့်ထားတဲ့ ဆိုင်
ဒီဆိုင်လေးကို ဖွင့်ထားတဲ့ ဆိုင်ရှင် ကိုမောင်မောင်လွင်ဟာတော့ ထိုင်းနိုင်ငံက ဟိုတယ်မှာ ၁၃ နှစ်ကြာအောင် စားဖိုမှူးလုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ကိုဗစ်ကာလ မြန်မာနိုင်ငံကို ခေတ္တပြန်လာချိန်မှာ ခဏနားပြီး နိုင်ငံခြားပြန်ထွက်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် ဒီဆိုင်ကလေးကို စဖွင့်ပြီး ရောင်းဖြစ်ခဲ့တာလို့ သိရပါတယ်။
နာရီပိုင်းအတွင်း အချိန် ၂၀ ကျော်ရောင်းရတဲ့ဆိုင်
“ကျွန်တော်ဆိုင်ထွက်တာ ၂နာရီခွဲဆို စထွက်ပါတယ်။ ညနေ ၄နာရီခွဲကနေ ၉နာရီခွဲလောက်ထိ ရောင်းပါတယ်၊ တစ်နေ့ကို အချိန် ၂၀ ၊ ၂၀ ကျော်လောက်တော့ ရောင်းရပါတယ်။ အဓိက လုပ်တာကတော့ သန့်ရှင်းမှုရယ် ၊ အသားကောင်းကောင်းလေးတွေရယ်ပါ”
သန့်ရှင်းမှုအတွက် ရာနှုန်းပြည့် အာမခံသူ
“ကျွန်တော်က သန့်ရှင်းမှုအတွက်တော့ ရာနှုန်းပြည့် အာမခံတယ်၊ အသားဆိုလည်း ဘယ်သူ့ကိုမှ ကျွန်တော်က မကိုင်ခိုင်းဘူး။ စက်ရုံက ယူလာကတည်းက လုံးဝအကြမ်းထည်ကို ယူလာပြီးတော့ ကိုယ့်ဘာသာကိုယ် အိမ်မှာ အချောကိုင်တယ်၊ ကိုယ့်ဘာသာလှီးတယ်၊ ကိုယ့်ဘာသာ အချောကိုင်တယ်၊ ကိုယ့်ဘာသာ သန့်ရှင်းရေးလုပ်တယ်ဆိုတော့လေ ကျန်းမာရေးအတွက်ကော သန့်ရှင်းရေးအတွက်ကော ကျွန်တော်က လုံးဝအာမခံတယ်” လို့ သူကဆိုပါတယ်။
အရသာမတူထူးခြားမှုကို ရရှိဆိုင်တဲ့ ဆိုင်လေး
ဆိုင်ပိုင်ရှင် ကိုမောင်မောင်လွင်ဟာ စက်ရုံကနေ အမဲသား Raw တွေကို သေချာစိစစ်ဝယ်ယူပြီး ကိုယ်တိုင် လှီး၊ ခုတ် ၊ ကိုယ်တိုင်အသားနှပ်တာမျိုးတွေ လုပ်သလို သုပ်တာ ၊ ကင်တာတွေကိုလည်း တခြားသူကို လုပ်ခိုင်းခြင်းမရှိဘဲ ကိုယ်တိုင်သာ သုပ်ပေးလေ့ရှိပါတယ်။ အရသာဟာလည်း ဘယ်မှာမှ မရနိုင်တဲ့ အရသာမျိုးဖြစ်နေတာကြောင့် ဝယ်ယူသူတွေဟာ တန်းစီပြီး တစ်ဦးချင်းစိတ်ရှည်လက်ရှည် စောင့်ဆိုင်းယူကြလေ့ရှိပါတယ်။
“ဘယ်သူ့ကိုမှလည်း ကျွန်တော်က မသုပ်ခိုင်းဘူး။ ကလေးတွေရှိလည်း ကျွန်တော်က ကိုယ့်ဘာသာပဲ သုပ်တယ်။ ထိုင်းနိုင်ငံရဲ့ စတိုင်မျိုး ကြိုက်တယ်ဆိုရင်တော့ ကျွန်တော့်အမဲကင်ကို ကြိုက်လိမ့်မယ်လို့ အာမခံတယ်။ တခြားသူကို သုပ်ခိုင်းလိုက်ရင် ကျွန်တော် သုပ်တဲ့ အရသာမျိုးမဖြစ်မှာ ကြောက်တယ်။ လူအများကြီးကို ရေရှည်စိတ်ရှည်ရှည်နဲ့ လုပ်ပေးရတဲ့အတွက် စားရတဲ့သူအတွက်က တန်ဖိုးရှိတယ်၊ တတ်နိုင်သလောက်တော့ အကောင်းဆုံးနဲ့ အမြန်ဆုံးကို ကျွန်တော်လုပ်ပေးတယ်။ အဲဒါလေးကို အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တကယ်တောင်းပန်တယ်။ အစားအသောက်တစ်ခုဆိုတာ စိတ်ရှည်ဖို့လည်း လိုတယ်၊ အချိန်လည်းပေးရတယ်၊ မြန်ရင်ပြီးရော ပိုက်ဆံရရင်ပြီးရောလို့ ကျွန်တော်ဘယ်တော့မှမလုပ်ဘူး” လို့ စားသုံးသူတွေကို ထားတဲ့ သူ့ရဲ့ စေတနာကို ခုလိုပြောပြပါတယ်။
ရနိုင်တဲ့ စားစရာများ
ဒီဒီ အမဲကင်ဆိုင်မှာဆိုရင်တော့ မိုးခိုသားကင်ကို ၅၅၀၀ကျပ်၊ မိုးခိုသားကင်ကို ထိုင်းရခိုင်သုတ် - ၆၀၀၀ ကျပ်၊ အသားကင် - ၃၅၀၀ ကျပ်၊ အသားကင်ကို ထိုင်းရခိုင်သုတ် - ၄၀၀၀ကျပ် ၊ အဆီအသားကင် ကို ၃၅၀၀ ကျပ်၊ အဆီအသားကင်သုတ်ကို ၄၀၀၀ ကျပ်၊ အမဲကြော် - ၃၅၀၀ နဲ့ စွပ်ပြုတ် ၂၅၀၀ ကျပ် စသဖြင့် ဈေးနှုန်းတွေနဲ့ စားသုံးနိုင်ပါတယ်။
အမဲကင်ကြိုက်သူ၊ အမဲသားကို နှစ်ခြိုက်သူတွေအတွက်ကတော့ ဒီဒီ အမဲကင်ဆိုင်လေးဟာ တစ်ခါလောက် သွားရောက်စားသုံးသင့်တဲ့ ဆိုင်လေးဖြစ်တာကြောင့် အစားအသောက်ကြိုက်သူတို့အတွက် ညွှန်းလိုက်ပါရစေ။