ဘရာဇီးလ်ကတော့ တောင်ကိုရီးယားကို ပထမပိုင်း နာရီဝက်အတွင်းမှာပဲ ဂိုးပြတ်သွင်းပြီး ချန်ပီယံခြေစွမ်းကို ပြသသွားခဲ့ပါတယ်။ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ နေမာ ပါဝင်လာပြီးနောက် ဘရာဇီးလ်တိုက်စစ်ပိုင်းက တော်တော်လေးကောင်းမွန်ခဲ့ကာ ဂိုးတွေ ဆက်တိုက်သွင်းယူပြီး တောင်ကိုရီးယားကို စောစောစီးစီးပဲ ချေမှုန်းပစ်နိုင်ခဲ့ပါတယ်။
၇ မိနစ်မှာ ဗင်နီရှပ်၊ ၁၃ မိနစ်မှာ နေမာက ပင်နယ်တီကနေ တဂိုး၊ ၂၉ မိနစ်နဲ့ ၃၆ မိနစ်တွေမှာ ရစ်ချာလီဆန်နဲ့ ပါကွေတာတို့က ဂိုးတွေဆက်တိုက်သွင်းခဲ့ကြတာပါ။ တောင်ကိုရီးယားကတော့ ပွဲချိန် ၇၆ မိနစ်မှာ နှစ်သိမ့်ချေပဂိုးတဂိုးပြန်ရခဲ့ပြီး ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ကာ အုပ်စုအဆင့်ကတက်ခဲ့တဲ့ အာရှအသင်း ၃ သင်းစလုံး ကွာတားကို မရောက်ရှိဘဲ အိမ်ပြန်စောခဲ့ရပါတယ်။
ဘရာဇီးလ်ခြေစွမ်းကတော့ တော်တော်လေးကို ကောင်းမွန်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကို အနိုင်ရခဲ့လို့ နောက်တဆင့်တက်ခဲ့တဲ့ တောင်ကိုရီးယား မယှဉ်နိုင်ခဲ့ပါဘူး။ ဘရာဇီးလ်လိုအသင်းကို တိုက်စစ်ဖွင့်ကစားဖို့ ကြိုးစားခဲ့တဲ့ တောင်ကိုရီးယားရဲ့ အမှားအယွင်းတွေလည်း ပါဝင်ခဲ့တာဖြစ်ပြီး နည်းပြဘင်တိုရဲ့ လူစာရင်း အနည်းငယ်အပြောင်းအလဲလုပ်ခဲ့တာကလည်း သက်ရောက်မှုရှိခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်က ခရိုအေးရှားကို ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲကောင်းတပွဲကို မြင်ရဦးမှာဖြစ်ပါတယ်။ ခရိုအေးရှားကတော့ ဂျပန်နဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး အချိန်ပိုကစားခဲ့ရကာ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာ အနိုင်ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ဗိုလ်လုပွဲထိရောက်ခဲ့တဲ့ ခရိုအေးရှားတို့ ကွာတားထိ ထပ်တက်နိုင်ခဲ့ပြီး ဘရာဇီးလ်နဲ့ နဖူးတွေ့၊ဒူးတွေ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။