ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရပေမယ့် ခြေစွမ်းပြခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးဟာ မနေ့ညက လက်စတာနဲ့အဝေးကွင်းပွဲစဥ်မှာ ပွဲထွက်ခွင့်မရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာရရှိခဲ့တဲ့ ဆန်ချိုရဲ့တလုံးတည်းသောသွင်းဂိုးကြောင့် လက်စတာကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။



ဒုတိယပိုင်းမှာတော့ လက်စတာက ချေပဂိုးရရှိဖို့ ဖိအားပေးကစားလာခဲ့ပြီး မက်ဒီဆန်ရဲ့ဖရီးကစ်ကန်ချက်ကို ဒီဂီယာကာကွယ်ခဲ့ရပါတယ်။ ဒါ့အပြင် ယူနိုက်တက် ဂိုးဧရိယာတဝိုက်မှာလည်း ပြစ်ဒဏ်ဘောတွေ မကြာခဏပေးနေရတာကြောင့် တန်ဟက်ခ်က ကက်စ်မဲရိုးကို လူစားလဲထည့်သွင်းပြီး ကွင်းလယ်ကို ပြန်လည်ထိန်းချုပ်ဖို့ စီစဥ်ခဲ့ပါတယ်။

ကက်စ်မဲရိုးဝင်လာပြီးနောက်ပိုင်းမှာတော့ လက်စတာကွင်းလယ်နဲ့တိုက်စစ်က သိသိသာသာ အားလျော့သွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်လည်း သက်သောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။ ကက်စ်မဲရိုးအနေနဲ့ သူ့ရဲ့လူပေးမှားမှုကတဆင့် ပြစ်ဒဏ်ဘောတကြိမ်ပေးခဲ့ရပေမယ့် အားလုံးခြုံကြည့်ရင်တော့ ဒီကစားသမားရဲ့ လွှမ်းမိုးမှုက ကျေနပ်စရာကောင်းခဲ့တယ်လို့ဆိုရမှာပါ။ ကက်စ်မဲရိုးဟာ အဲရစ်ဆင်၊ တွမ်မီနေးတို့နဲ့လည်း အကောင်းဆုံး တွဲဖက်နိုင်ခဲ့ပါတယ်။



ဆောက်သမ်တန်ကို အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ကက်စ်မဲရိုးက ဒုတိယပိုင်းမှ လူစားဝင်လာပြီး မှတ်တမ်းတွေအရ ကျေနပ်စရာခြေစွမ်းမျိုးကို ပြသခဲ့ပါသေးတယ်။ ဒီကစားသမားကို လာမယ့် အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးမလားဆိုတဲ့အပေါ် တန်ဟက်ခ်က “ဖြစ်နိုင်ပါတယ်။ ကက်စ်မဲရိုးက ရွေးချယ်မှုတခုအနေနဲ့ရှိပါတယ်”

“တကယ်ကို ကောင်းမွန်တဲ့ရွေးချယ်မှုအဖြစ်နဲ့ပေါ့။ ဒါပေမယ့် နောက်ဆုံးနှစ်ပွဲဆက်တိုက် ကျနော်တို့က တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒီတော့ ကျနော် သူတို့ကိုလည်း အခွင့်အရေးဆက်ပေးချင်ပါတယ်။ အနာဂတ်အတွက်တော့ ဘာမှသေချာပေါက်မပြောနိုင်ပါဘူး။ ပွဲတွေအများကြီးရှိတော့ အလှည့်ကျသုံးရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က