အများသိကြတဲ့ အချက်အလက်တွေအပြင် ဟစ်တလာရဲ့စိတ်သဘောထားနဲ့ လျှို့ဝှက်ချက်တွေကလည်း စိတ်ဝင်စားစရာ ဖြစ်နေပြန်ပါတယ်

ကမ္ဘာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေခြင်းနဲ့ ဂျူးလူမျိုးတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအတွက် နာဇီခေါင်းဆောင် အဒေါ့ဟစ်တလာကို တာဝန်ရှိသူအဖြစ် သတ်မှတ်ထားကြပါတယ်။

သူ့ရဲ့ ရိုင်းစိုင်းတဲ့စရိုက်နဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကြောင့်လည်း ဟစ်တလာဟာ ကမ္ဘာမှာ စက်ဆုပ်ရွံရှာစရာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလို အများသိကြတဲ့ အချက်အလက်တွေအပြင် သူ့ရဲ့စိတ်သဘောထားနဲ့ လျှို့ဝှက်ချက်တွေကလည်း စိတ်ဝင်စားစရာ ဖြစ်နေပြန်ပါတယ်။ ဟစ်တလာနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တွေထဲက အချို့ကို စုစည်းဖော်ပြထားပါတယ်။



၁။ အထက်တန်းကျောင်းထွက်ဖြစ်ပြီး ပန်းချီဆရာဖြစ်ချင်ခဲ့သူ

ဟစ်တလာဟာ စာကောင်းကောင်းသင်ခဲ့ရသူတစ်ဦး မဟုတ်ဘဲ အသက် ၁၆ နှစ်အရွယ်မှာ အထက်တန်းကျောင်းကထွက်ခဲ့သူပါ။ ကျောင်းထွက်ခဲ့ပြီးနောက် သူ့ရဲ့မိခင်က ဟစ်တလာကို အရောင်းအဝယ် လေ့လာရန် သို့မဟုတ် အလုပ်တစ်ခုခုရှာရန် ပြောဆိုခဲ့ပေမဲ့ သူကတော့ ပန်းချီဆရာတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။

ဟစ်တလာဟာ ၁၉၀၇ ခုနှစ်နဲ့ ၁၉၀၈ ခုနှစ်တို့မှာ Vienna Academy of Art အနုပညာကျောင်း ဝင်ခွင့်လျှောက်ခဲ့ပေမဲ့ နှစ်ကြိမ်လုံး ပယ်ချခံခဲ့ရပါတယ်။ သူ့ဘဝမှာ ပန်းချီအနုပညာကို လေ့လာလိုက်စားခွင့်မပေးခဲ့တဲ့ ဖခင်ဖြစ်သူကိုလည်း ဟစ်တလာက မုန်းတီးခဲ့ပါတယ်။ ဟစ်တလာဟာ ဂျာမနီခေါင်းဆောင်ဖြစ်လာခဲ့ပြီး အလုပ်များပေမဲ့ သူ့ရဲ့အားလပ်ချိန်မှာ ပန်းချီဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။

၂။ နာဇီအကျဥ်းစခန်းတွေကို မရောက်ခဲ့ဖူးတဲ့ နာဇီခေါင်းဆောင်

ဟစ်တလာဟာ နာဇီခေါင်းဆောင်ကြီးအဖြစ် ကမ္ဘာကျော်သူဖြစ်ပေမဲ့ ထောင်ပေါင်းများစွာသော ဂျူးတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နာဇီအကျဥ်းစခန်းတွေကိုတော့ ဘယ်တုန်းကမျှ သွားရောက်ခဲ့ခြင်း မရှိပါဘူး။ ဂျူးတွေကို ဂျာမနီကနေ မောင်းထုတ်ရန် အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားတဲ့ ဟစ်တလာထံမှ အမိန့်ညွှန်ကြားစာကို မည်သည့်အခါကမျှ ရှာမတွေ့ခဲ့ဘူးလို့လည်း ဆိုပါတယ်။

နာဇီခေါင်းဆောင် ဟစ်တလာက သူ့ရဲ့ အစီအစဥ်တွေ၊ အကျဥ်းစခန်းတွေနဲ့ သတင်းဆိုးဖြင့် ကျော်ကြားလှတဲ့ ဓာတ်ငွေ့လွှတ်သတ်တဲ့အခန်းတွေအကြောင်း မည်သည့်အခါကမျှ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

၃။ ဟစ်တလာက သက်သတ်လွတ်သမားတစ်ယောက်

ကမ္ဘာ့သမိုင်းမှာ ကြမ်းကြုတ်ရက်စက်သူအဖြစ် ကျော်ကြားလှတဲ့ ဟစ်တလာက သက်သတ်လွတ်စားသူတစ်ယောက်ဖြစ်ခဲ့ပြီး တိရိစ္ဆာန်တွေကို ရက်စက်စွာပြုမူခြင်းကို တင်းကြပ်စွာ ဆန့်ကျင်တားမြစ်ခဲ့ပါတယ်။ ဟစ်တလာဟာ အာဏာရခဲ့ပြီးနောက်ပိုင်း ၁၉၃၇ ခုနှစ်အထိ သတ်သက်လွတ်သမားတစ်ယောက် မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ နောက်ပိုင်းမှသာ သတ်သက်လွတ်စားသူအဖြစ် ပြောင်းလဲခဲ့ပြီး သူ့ရဲ့ လူထုပုံရိပ်ကို တိုးချဲ့မှုတစ်ခုအဖြစ်လည်း ရှုမြင်ခဲ့ကြပါတယ်။ 

၄။ ဟစ်တလာရဲ့အချစ်ဦးက ဂျူးမိန်းကလေး

ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်ခဲ့သူအဖြစ် ကမ္ဘာကျော်တဲ့ နာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ ဘဝမှာ ပထမဆုံး ချစ်မိခဲ့သူက Stefanie Isak လို့ခေါ်တဲ့ ဂျူးမိန်းကလေးဖြစ်ပြီး ဗီယင်နာမှာ ကျောင်းအတူတူတက်ရင်း တွေ့ခဲ့ကြတာပါ။ ဟစ်တလာက ဂျူးမိန်းကလေးကို ချစ်တယ်လို့ သူ့ခံစားချက်တွေ ဖွင့်မပြောရဲခဲ့ပါဘူး။ သူက သူ့ရဲ့ ပထမဆုံး ချစ်ရသူအတွက် ကဗျာတွေရေးပြီး ပိုးပန်းခဲ့တယ်လို့ ဆိုပါတယ်။

နာဇီခေါင်းဆောင်ကြီးက သူချစ်ရတဲ့ ဂျူးမိန်းကလေးကို ပြန်ပေးဆွဲပြီး သူမကို ပွေ့ဖွက်ကာ Danube မြစ်ထဲခုန်ချဖို့ စီစဥ်ခဲ့ တွေးတောခဲ့ဖူးတယ်လို့ ဟစ်တလာရဲ့ အရင်းနှီးဆုံးသူငယ်ချင်း တီးဝိုင်းခေါင်းဆောင် Augist Kubizek က ဖွင့်ဟပြောပါတယ်။ ဟစ်တလာ ပထမဆုံး ချစ်ခဲ့မိသူ Stefanie Isak ကတော့ ဟစ်တလာ သူမကိုချစ်နေတာ မသိခဲ့ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

၆။ မူးယစ်ဆေးစွဲခဲ့သူ

ဟစ်တလာဟာ သံသယလွန်ကဲသူဖြစ်သလို အဓိကအားဖြင့် ကိုကင်းသုံးလေ့ရှိတဲ့ မူးယစ်ဆေးစွဲသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဆရာဝန်က လည်ချောင်းနာခြင်းနဲ့ နှာခေါင်းပိတ်ခြင်း ကုသရန် မူးယစ်ဆေးအချို့ကို ညွှန်ကြားခဲ့ပြီးနောက် ဟစ်တလာဟာ မူးယစ်ဆေးစွဲသူ ဖြစ်လာခဲ့ပါတယ်။ ဟစ်တလာက တစ်နေ့ နှစ်ကြိမ် မူးယစ်ဆေးသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

အားနဲ့မာန်နဲ့ပြောတတ်တဲ့ ဟစ်တလာဟာရဲ့ မိန့်ခွန်းတွေကို နားထောင်ရသူတွေက သူဟာ မူးယစ်ဆေးအရှိန်ကြောင့်ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ သမိုင်းပညာရှင်တွေကလည်း ဟစ်တလာရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ ဒေါသကြီးမှုဟာ မူးယစ်ဆေး လွန်ကဲသုံးစွဲမှုကြောင့်လို့ ယုံကြည်ကြပါတယ်။

၇။ လုပ်ကြံသတ်ဖြတ်မှု အကြိမ် ၄၀ ကျော်ကနေ လွတ်မြောက်ခဲ့သူ

လူတွေ မုန်းတီးမှုအခံရဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက်တော့ သူ့ကို မုန်းတီးသူတွေ အများအပြားရှိခဲ့ပါတယ်။ ဟစ်တလာဟာ လုပ်ကြံသတ်ဖြတ်မှု ၄၂ ကြိမ်ကနေ လွတ်မြောက်ခဲ့သူပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ ဟစ်တလာဟာ ဆိုင်ယာနိုက် (cyanide) အဆိပ်တောင့်ကို ကိုက်ဝါးပြီးဖြစ်စေ၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲပစ်ခတ်ပြီးဖြစ်စေ သတ်သေသွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

၈။ အယူသီး အစွဲအလမ်းကြီးသူ

ဟစ်တလာအကြောင်းတွေထဲမှာ အယူသီး အစွဲအလမ်းကြီးတဲ့ သူ့ရဲ့စိတ်က မပါမဖြစ်ပါ။ ဟစ်တလာဟာ အများပြည်သူမြင်ကွင်းမှာ အစိမ်းရောင်ကုတ်အင်္ကျီကို မချွတ်တမ်း ဝတ်ထားလေ့ရှိတာ တွေ့ရမှာပါ။

ဒီလို ဝတ်ဆင်ထားခြင်းက သူ့ရဲ့ နက္ခတ်ေဗဒင်ဆရာတွေနဲ့ ရှေ့ဖြစ်ဟောဆရာတွေထံမှ အကြံပြုချက်အရ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟစ်တလာက နံပါတ် ၇ ရဲ့ အစွမ်းအာနိသင် သို့မဟုတ် ကံကောင်းခြင်းကို ယုံကြည်သူပါ။ ထို့အတူ Nazia, Swastika အမှတ်သင်္ကေတတွေက လျှို့ဝှက်နက်နဲတဲ့ စွမ်အားတွေ ယူဆောင်လာမယ်လို့လည်း ဟစ်တလာက ယုံကြည်ခဲ့ပါတယ်။

၉။ TIME မဂ္ဂဇင်းရဲ့ "Man of The Year" အဖြစ် ရွေးချယ်ခံရသူ

ကမ္ဘာကျော် TIME မဂ္ဂဇင်းက ၁၉၃၈ ခုနှစ်မှာ နာဇီခေါင်းဆောင်ဟစ်တလာကို "Man of The Year" အဖြစ် ရွေးချယ်ပြီး မဂ္ဂဇင်းမျက်နှာဖုံးမှာ ဂုဏ်ပြုဖော်ပြခဲ့တာက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ထိုနှစ်အတွင်း အီတလီခေါင်းဆောင် ဘီနစ်တိုမူဆိုလီနီ၊ ပြင်သစ်ခေါင်းဆောင် Edouard Daladier ၊ ဗြိတိန်ခေါင်းဆောင် Chamberlain နဲ့ ဟစ်တလာတို့ တွေ့ဆုံဆွေးနွေးကြတဲ့ မြူးနစ်ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုညီလာခံက ကမ္ဘာစစ်ဖြစ်မယ့်အရေးကို တားဆီးကာကွယ်နိုင်ခဲ့တယ်လို့ သိရှိထားခဲ့ကြပြီး ဟစ်တလာကို ငြိမ်းချမ်းရေးဆောင်ရွက်သူအဖြစ် သရုပ်ဖော်ခဲ့ပါတယ်။

၁၀။ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင်သွင်းခံရတဲ့ ဟစ်တလာ

ဒီဖြစ်ရပ်ကလည်း ဟစ်တလာနဲ့ ပတ်သက်လို့ မဖြစ်နိုင်တဲ့ ရယ်စရာတစ်ခုအဖြစ် ကျန်ရစ်နေခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဆွီဒင်လွှတ်တော်အမတ် Erik Gottfrid Christian Brandt က ဟစ်တလာကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမှန်တကယ် အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ဆွီဒင်လွှတ်တော်အမတ်က အလေးအနက်အဖြစ် မရည်ရွယ်ခဲ့ပေမဲ့ သူ့ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်စာရင်းတင်သွင်းမှုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ရန်စရာရောက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ လွှတ်တော်အမတ် Brandt က သူ့ရဲ့ အမည်စာရင်းတင်သွင်းမှုကို စာတစ်စောင်ရေးသားပြီး ပြန်ရုပ်သိမ်းခဲ့ပါတယ်။

၁၁။ Disney ပရိသတ် ဟစ်တလာ

နာဇီခေါင်းဆောင် လူကြမ်းကြီးအဖြစ် အများကသိထားကြတဲ့ ဟစ်တလာက Disney ကာတွန်းရုပ်ရှင်တွေကို နှစ်သက်သူပါ။ သူက Disney ကာတွန်းဇာတ်ကောင်တွေကို သဘောကျပါတယ်။

အထူးသဖြင့် ဟစ်တလာက စနိုးဝှိုက်နဲ့ လူပုလေးခုနစ်ယောက် ကာတွန်းရုပ်ရှင်ကို ကြိုက်နှစ်သက်ပါတယ်။ ၂၀၀၈ ခုနှစ်က နော်ဝေးနိုင်ငံမှာ စစ်သမိုင်းပြတိုက်တစ်ခု ဖွင့်လှစ်ခဲ့ရာ Disney ကာတွန်းဇာတ်ကောင်ပုံတွေကို ပြသထားတဲ့ ပြခန်းလည်း ပါဝင်ပါတယ်။ ထိုကာတွန်းပုံတွေကို နာဇီခေါင်းဆောင်ကြီး ဟစ်တလာကိုယ်တိုင် ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

Ref: Biography, Wikipedia / Image: Wikimedia


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က