နဗီးလ်တို့အဖွဲ့ကို ကာဖူးက ဝေဖန်ခဲ့တာပါ။

ဘရာဇီးဂန္တဝင်ကစားသမားကြီး ကာဖူးက ဘောလုံးရုပ်သံဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်နဲ့အဖွဲ့တွေရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်နေပြီး ဘရာဇီးသားတွေ အင်္ဂလန်ပရီးမီးယားလိဂ်ကို သွားကစားမယ့်အပေါ် စိုးရိမ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဟာ မီဒီယာပုံရိပ် တော်တော်ကြီးမားပြီး နဗီးလ်တို့လို ရုပ်သံဝေဖန်သူတွေကလည်း ကစားသမားတွေအပေါ် လိုအပ်တာထက် ပိုမိုချီးကျူး၊ အပြစ်တင်လေ့ရှိပါတယ်။



အထူးသဖြင့် စျေးကွက်ထဲမှာ အင်္ဂလန်ကစားသမားတွေရဲ့တန်ကြေးက ပုံမှန်ထက် တော်တော်လေးမြင့်မားလေ့ရှိပြီး ဒါဟာ မီဒီယာအားကြောင့်ဖြစ်တယ်လို့ အများစုက ယုံကြည်ထားပါတယ်။ အခုတခါမှာလည်း ကာဖူးက “ကျနော်တို့ ဘရာဇီးသားတွေ ပရီးမီးယားလိဂ်မှာ သွားကစားတာ များလာလေ၊ ကျနော်တို့ ဘရာဇီး ကမ္ဘာ့ဖလားရနိုင်ခြေ နည်းလာလေဖြစ်မှာကို ကျနော် ကြောက်ပါတယ်”

“အပတ်စဥ်၊ အပတ်တိုင်း ဂယ်ရီနဗီးလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ Brainwash လုပ်နေတာကို ခင်ဗျားတို့ စိတ်ကူးယဥ်ကြည့်လိုက်စမ်းပါ။ ခင်ဗျားက အကောင်းဆုံးဖြစ်ဖို့ မနီးစပ်သေးသည့်တိုင် သူတို့က ခင်ဗျားကို ကမ္ဘာ့အကောင်းဆုံးလို့ ပြောကြပါလိမ့်မယ်။ လာလီဂါမှာတော့ ဒါမျိုးမရှိပါဘူး။ သူတို့က ဗိုလ်လုပွဲတွေရောက်ဖို့၊ ဆုဖလားတွေရဖို့ မှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာရှိပါတယ်”

“စပိန်ကစားသမားတွေအပေါ် တကမ္ဘာလုံးက အထင်ကြီးလာအောင် ကင်မရာရှေ့ထိုင်ပြီး လိမ်ညာနေတဲ့လူတွေလည်းမရှိပါဘူး။ သူတို့က ဘောလုံးအကြောင်းပဲပြောတာပါ။ ယုံတမ်းစကားတွေ မပြောပါဘူး။ ဂယ်ရီနဗီးလ်တို့တသိုက် လီဗာပူးညာနောက်ခံလူ (အာနိုးလ်) ကို ကျနော့်အဆင့်အတန်းရောက်နေပြီလို့ ပြောတာတွေ နားနဲ့မဆံ့အောင် ကျနော်ကြားခဲ့ပါတယ်”

“ဒီအကြောင်းကို ကျနော် မငြင်းခုံချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပဲရစ်မှာတုန်းက ဗီနီရှပ်စ်က ကမ္ဘာကြီးအတွက် အမှန်တရားကို ဖော်ထုတ်ခဲ့ပြီးတာကို ကျနော်လည်းသိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂယ်ရီနဗီးလ်တို့ဟာ လီဗာပူး နောက်ခံအစွန်လူနှစ်ယောက်ဖြစ်တဲ့ အာနိုးလ်နဲ့ရော်ဘတ်ဆန်တို့ နှစ်ယောက်ကို ဘရာဇီးဂန္တဝင် ကာဖူး၊ ရော်ဘတ်တိုကားလို့စ်တို့နဲ့ မကြာခဏနှိုင်းယှဥ်ခဲ့ကြတာဖြစ်ပါတယ်။ 

Share

က္က