တန်ဇန်းနီးယားမှာ စံချိန်တင် အကြီးဆုံး Tanzanite ကျောက်မျက်အရိုင်းတုံး နှစ်တုံးကို တူးဖော်ရရှိခဲ့ပါတယ်။

တန်ဇန်းနီးယားနိုင်ငံမှ တစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဟာ ရှားပါးတဲ့ တန်ဖိုးကြီး Tanzanite ကျောက်မျက်အရိုင်းတုံး နှစ်တုံးကို တူးဖော်တွေ့ရှိခဲ့ပြီး နေ့ချင်းညချင်း မီလျံနာဖြစ်သွားခဲ့ပါတယ်။

မနက်ဖြန် ပါတီပွဲကြီး လုပ်သွားမယ်ဗျာ


(Tanzanite ကျောက်မျက်တုံး နှစ်တုံး) (Photo: Tanzania Ministry of Minerals)

Saniniu Laizer အမည်ရှိ တစ်နိုင်တစ်ပိုင် ကျောက်တူးသမားက တန်ဇန်းနီးယားမှာ တွေ့ရှိခဲ့ဖူးသမျှ စံချိန်တင် အကြီးဆုံးဖြစ်တဲ့ Tanzanite ကျောက်မျက်အရိုင်းတုံး နှစ်တုံးကို တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ နှစ်တုံးပေါင်းအလေးချိန် ၃၃ ပေါင်ရှိ အဆိုပါ ကျောက်မျက်အရိုင်းတုံးတွေအတွက် တန်ဇန်းနီးယား သတ္တုတွင်းဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၃.၄ သန်း (မြန်ကျပ်ငွေ သိန်းပေါင်း ၄၇,၆၀၀ ကျော်) ရရှိခဲပြီး နေ့ချင်းညချင်း မီလျံနာဖြစ်လာခဲ့ပါတယ်။

"မနက်ဖြန် ပါတီပွဲကြီး လုပ်သွားမယ်ဗျာ" လို့ သားသမီး ၃၀ ဦးရှိတဲ့ ကျောက်မျက်တူးဖော်ရေးသမား Saniniu Laizer က ပြောပါတယ်။ Tanzanite ကျောက်ကို တန်ဇန်းနီးယားမြောက်ပိုင်းမှာသာ တွေ့ရှိရပြီး ကျောက်မျက်အဆင်တန်ဆာများ ပြုလုပ်ရန် အသုံးပြုကြပါတယ်။ Tanzanite ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ကျောက်မျက်များအနက် တစ်ခုဖြစ်ပြီး လာမယ့် နှစ် ၂၀ အတွင်း လုံးဝ ကုန်သွားတော့မယ်လို့ ဒေသခံ ဘူမိဗေဒပညာရှင်တွေက ခန့်မှန်းထားပါတယ်။

(Tanzanite ကျောက်နှစ်တုံးကို ပြသနေစဥ်) (Photo: Tanzania Ministry of Minerals)

အဖိုးထိုက်တန်တဲ့ Tanzanite ကျောက်မျက်ဟာ အစိမ်း၊ အနီ၊ အပြာနဲ့ ခရမ်းရောင် အပါအဝင် ၎င်းရဲ့ မတူညီတဲ့ အရောင်အဆင်းတွေကြောင့် နှစ်သက်စဖွယ်ဖြစ်ပါတယ်။ Tanzanite ကျောက်ရဲ့တန်ဖိုးကို ရှားပါးမှုအပေါ်မူတည်ပြီး သတ်မှတ်လေ့ရှိကြောင်းနဲ့ အရောင်အဆင်း သို့မဟုတ် ကြည်လင်တောက်ပမှု ပိုမိုကောင်းမွန်လေ ဈေးနှုန်းပိုမိုမြင့်မားလေ ဖြစ်တယ်လို့ ဆိုပါတယ်။

Saniniu Laizer က အလေးချိန် ပေါင် ၂၀ နဲ့ ၁၃ ပေါင် အသီးသီးရှိတဲ့ ယခု ကျောက်မျက်အရိုင်းတုံးနှစ်တုံးကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တူးဖော်ရရှိခဲ့ပေမဲ့ ယမန်နေ့ (ဇွန် ၂၄ ရက်) က တန်ဇန်းနီးယားမြောက်ပိုင်း Manyara နယ်မြေမှာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်အရောင်းပွဲမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။ ၎င်း တူးဖော်တွေ့ရှိခဲ့တဲ့ Tanzanite ကျောက်တုံးများ မတိုင်မီက တန်ဇန်းနီးယားမှာ အကြီးဆုံးအဖြစ် တွေ့ရှိထားတဲ့ ကျောက်ဟာ အလေးချိန် ၇ ပေါင်ရှိခဲ့ကြောင်းလည်း သိရပါတယ်။

တန်ဇန်းနီးယားက ကြွယ်ဝချမ်းသာတဲ့ သက်သေပေါ့

(တန်ဇန်းနီးယားသမ္မတ John Magufuli) (Photo: Reuters)

တန်ဇန်းနီးယားသမ္မတ John Magufuli က Saniniu Laizer ကို ဖုန်းဆက်ပြီး ကျောက်မျက်တွေကို တွေ့ရှိခဲ့မှုအပေါ် ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ "ဒီဖြစ်ရပ်က တစ်နိုင်တစ်ပိုင် ကျောက်တူသမားတွေရဲ့ အကျိုးအမြတ်ပါပဲ၊ တန်ဇန်းနီးယားက ကြွယ်ဝချမ်းသာတဲ့ သက်သေပေါ့" လို့ သမ္မတက ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ သမ္မတ John Magufuli က သတ္တုတူးဖော်ရေးကဏ္ဍမှာ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မယ်လို့ ကတိပြုထားပြီး ထိုကကဏ္ဍမှ ရရှိနေတဲ့ အစိုးရရဲ့ဝင်ငွေကို တိုးမြင့်စေမယ်လို့ ပြောထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။

တန်ဇန်းနီးယားမှာ အကြီးဆုံး Tanzanite ကျောက်တုံးတွေ တူးဖော်ရရှိပြီး နေ့ချင်းညချင်း မီလျံနာဖြစ်လာသူ Saniniu Laizer ဟာ အသက် ၅၂ နှစ်အရွယ်ဖြစ်ပြီး ၎င်းမှာ ဇနီးလေးဦးရှိပါတယ်။ မီလျံနာဖြစ်သွားတဲ့ Saniniu Laizer က အောင်ပွဲခံရန် ၎င်းရဲ့ နွားတစ်ကောင်ကို ဟင်းလျာအဖြစ် ချက်ပြုတ်ကျွေးသွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် Saniniu Laizer က Manyara နယ်မြေ Simanjiro ခရိုင်ရှိ ၎င်းရဲ့ ရပ်ရွာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရန်ပြင်ဆင်ထားပါတယ်။

အိမ်နားမှာ ကျောင်းဆောက်ချင်တယ်၊ ဒီနားတစ်ဝိုက်မှာက သူတို့ကလေးတွေကို ကျောင်းမထားနိုင်တဲ့ ဆင်းရဲသားတွေ အများကြီးပဲ

(မီလျံနာဖြစ်သွားသည့် Saniniu Laizer) (Photo: AfricaFatsZone/Twitter)

"ကျွန်တော် ဈေးဝယ်စင်တာတစ်ခုနဲ့ စာသင်ကျောင်းတစ်ကျောင်း ဆောက်ချင်တယ်၊ အဲဒီကျောင်းကို ကျွန်တော့် အိမ်နားမှာ ဆောက်လုပ်ချင်ပါတယ်၊ ဒီနားတစ်ဝိုက်မှာက သူတို့ကလေးတွေကို ကျောင်းမထားနိုင်တဲ့ ဆင်းရဲသားတွေ အများကြီးရှိကြတယ်" လို့ ၎င်းကပြောပါတယ်။ "ကျွန်တော် ပညာမတတ်ပါဘူး၊ ပညာရှင်တစ်ယောက်လို အသက်မွေးဝမ်းကျောင်းလုပ်တာကို ကျွန်တော် နှစ်သက်ပါတယ်၊ ဒါကြောင့် ကျွန်တော့်ရဲ့ ကလေးတွေကို စီးပွားရေးလုပ်ငန်းကို ပညာရှင်လို လုပ်စေချင်ပါတယ်" လို့ Saniniu Laizer က ဖွင့်ဟခဲ့ပါတယ်။

ကျောက်အောင်ပြီး မီလျံနာဖြစ်သွားပေမဲ့ ၎င်းရဲ့ လူနေမှုပုံစံကို ပြောင်းလဲမှာ မဟုတ်ကြောင်းလည်း ၎င်းကဆိုပါတယ်။ Saniniu Laizer က ၎င်းရဲ့ နွားအကောင်ရေ ၂,၀၀၀ ကို ဆက်လက် မွေးမြူစောင့်ရှောက်သွားမယ်လို့ ပြောပါတယ်။ မီလျံနာအဖြစ် ချမ်းသာကြွယ်ဝမှုတွေ ထပ်တိုးလာပေမဲ့ ပုံမှန်ထက် အကာအကွယ်တွေ လုပ်မှာမဟုတ်ကြောင်းလည်း ၎င်းကဆိုပါတယ်။ "ဒီမှာ လုံခြုံရေး လုံလောက်ပါတယ်၊ ဘာပြဿနာမှ မရှိပါဘူး၊ ညဘက်မှာတောင် ဘာပြဿနာမှ မရှိဘဲ လမ်းလျှောက်သွားလာနနိုင်ပါတယ်" လို့ Saniniu Laizer က ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က