ရွေးကောက်ပွဲရလဒ်တွေကို မကျေနပ်မှုကြောင့် ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်နေခဲ့ပြီးနောက် ဝန်ကြီးချုပ်နေအိမ် တိုက်ခိုက်ခံခဲ့ရပါတယ်

အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒ်ဟီမီ (Mustafa al-Kadhimi) ရဲ့ နေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရမှုအတွင်း ဝန်ကြီးချုပ်ဟာ ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဘဂ္ဂဒက်မြို့ရှိ လုံခြုရေးတင်းကျပ်ထားတဲ့ Green Zone အတွင်းရှိ ဝန်ကြီးချုပ်နေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အား လုပ်ကြံရန်ကြိုးပမ်းမှုအတွင်း ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားတဲ့ ဒရုန်းတစ်စင်းဖြင့် နေအိမ်ကို ဝင်တိုက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနဲ့ ဝန်ကြီးချုပ်ရဲ့ သက်တော်စောင့် ၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



(Photo: EPA)

လတ်တလော အီရတ်ရွေးကောက်ပွဲရလဒ်တွေကို မကျေနပ်မှုကြောင့် အကြမ်းဖက် ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်နေခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဝန်ကြီးချုပ်နေအိမ် တိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ယခု တိုက်ခိုက်မှုကို အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံလုံးက ရှုတ်ချခဲ့ကြတယ်လို့ ဆိုပါတယ်။ လုံခြုံရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဝန်ကြီးချုပ်နေအိမ် တိုက်ခိုက်မှုမှာ ဒရုန်းသုံးစင်းကို အသုံးပြုခဲ့ပြီး တီဂရစ်မြစ်ပေါ်ရှိ ရီပတ်ဘလစ်တံတားပေါ်မှ လွှတ်တင်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒရုန်းသုံးစင်းအနက် နှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ် နေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။ ဝန်ကြီးချုပ်နေအိမ်ဟာ အစိုးရအဆောက်အအုံ အများအပြားနဲ့ နိုင်ငံခြားသံရုံးတွေရှိရာ ဧရိယာအတွင်း တည်ရှိပါတယ်။ အီရတ်မီဒီယာက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ နေအိမ်အစိတ်အပိုင်းတွေနဲ့ SUV ကားတစ်စီး ပျက်စီးနေတာ တွေ့ရပါတယ်။

(Photo: EPA)

ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ခဲ့တဲ့ ဒရုန်းအပျက်အစီး အကြွင်းအကျန်တွေကို စစ်ဆေးရန် လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေစုဆောင်းခဲ့ကြကြောင်း အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။ "အခုအချိန်မှာ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်ခဲ့တယ်လို့ ပြောဖို့စောပါသေးတယ်၊ ထောက်လှမ်းရေးအစီရင်ခံမှုတွေကို စစ်ဆေးနေပြီး ကနဦး စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို စောင့်နေပါတယ်" လို့ လုံခြုံရေးအရာရှိက ဆိုပါတယ်။

ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ လုပ်ငန်းသုံး ဒရုန်းတွေကို အိုင်အက်စ်အကြမ်းဖက်အုပ်စု (Islamis State - IS) က အီရတ်မြောက်ပိုင်းကို ထိန်းချုပ်ထားချိန်မှာ အသုံးပြုခဲ့ဖူးပါတယ်။ အထူးသဖြင့် ၂၀၁၇ ခုနှစ် မိုဆူးလ်တိုက်ပွဲအတွင်း အိုင်အက်စ်အုပ်စုက ထိုသို့ အသုံးပြုခဲ့ပါတယ်။ ထောက်လှမ်းရေးအကြီးအကဲဟောင်းဖြစ်သူ အယ်လ်ခါဒ်ဟီမီဟာ ယမန်နှစ် မေလက ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က