နေအိမ်မှာ ချစ်သူနဲ့အတူရှိနေတုန်း ပရီးမီးယားလိဂ်ကြယ်ပွင့်တစ်ယောက် အခုလိုတိုက်ခိုက်ခံခဲ့ရတာပါ။

ပရီးမီးယားလိဂ်ကြယ်ပွင့် ကစားသမားတစ်ယောက်ဟာ ချစ်သူမိန်းကလေးနဲ့အတူ သူ့ရဲ့နေအိမ်မှာရှိနေစဥ် ဓားကိုင်လူရမ်းကားတစ်စုရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။



မျက်နှာဖုံးစွပ်ထားတဲ့ လူရမ်းကားတွေဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်စုံတွဲကို ကြိုးနဲ့ နှစ်ယောက်တွဲပူးချည်ခဲ့ပြီး ထားရစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါကစားသမားရဲ့နေအိမ်က ပေါင် (၁.၅) သန်းတန်ကြေးရှိပြီး လူရမ်းကားတွေက အတားအဆီးမရှိ ကျူးကျော်ဝင်ရောက်ခဲ့ကြတာပါ။

ဒီလိုဖြစ်ပွားခဲ့တဲ့ကာလက ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်ကဖြစ်ပြီး ဒီလူတစ်စုဟာ ကစားသမားကို နေအိမ်မှာမရှိဘဲ နိုင်ငံအသင်းအတွက် ကစားပေးဖို့ ခရီးထွက်နေတယ်လို့ ယူဆခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် ဒီကစားသမားက လက်ရွေးစင်လူစာရင်းကနေ ပြန်လည်စေလွှတ်ခံရပြီး အိမ်မှာသာရှိနေခဲ့တာပါ။

ဒီလိုမျိုးကျူးကျော်ဝင်ရောက်ချိန်မှာ ကစားသမားရဲ့ချစ်သူက ရေချိုးနေချိန်ဖြစ်ပြီး ကစားသမားကတော့ လက်ရွေးစင်အသင်းဖော်တွေ ကစားတဲ့ပွဲကို တီဗီကတစ်ဆင့် ကြည့်နေတယ်လို့လည်းဆိုပါတယ်။ မျက်နှာဖုံးစွပ်ပြီး ဓားကိုင်ထားတဲ့ လူ (၄) ယောက်က မှန်တံခါးကို ရိုက်ခွဲဝင်လာခဲ့တာပါ။

ဒီလူတွေဟာ ကစားသမားနဲ့သူ့ချစ်သူကို နှစ်ယောက်ပူးချည်နှောင်ထားခဲ့ပြီး အဲ့ဒီနောက်မှာတော့ တစ်အိမ်လုံးကို မွှေနှောက်ဖျက်ဆီး လုယက်သွားခဲ့တယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “ဒီလိုဖြစ်ရပ်မျိုးက လူတိုင်းအတွက် အိပ်မက်ဆိုးပါပဲ။ ကစားသမားက သတ္တိရှိခဲ့ပြီး အကောင်းဆုံးဖြစ်မယ့်အရာကို ရွေးချယ်ခဲ့ပါတယ်”

“ဒါပေမယ့် လူရမ်းကားတွေက သူတို့ထက် ပိုမိုရန်လိုနေတဲ့ပုံပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒီလုယက်မှုမှာ နာရီ၊ လက်ဝတ်ရတနာပစ္စည်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ လုယက်ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်အတွက်တော့ ကလပ်အသင်းဘက်က သူတို့ရဲ့ကစားသမား အခုလိုကျူးလွန်ခံရမှုအတွက် အကြီးအကျယ်စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ “ကစားသမားက ကွင်းပြင်ပမှာ ထင်ထင်ပေါ်ပေါ်နေတတ်တဲ့သူမျိုး မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုးပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အပေါ် တော်တော်လေး တုန်လှုပ်ချောက်ချားနေပါတယ်”

“သူက ဘယ်လောက်ချမ်းသာတယ်ဆိုတာ ဘယ်သူကိုမှ မသိစေချင်ဘဲ တတ်နိုင်သလောက် ပုံမှန်လူအတိုင်း နေထိုင်ချင်တဲ့လူမျိုးပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ “အိမ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး လက်ဝတ်ရတနာတွေအပြင် အခြားအိမ်သုံးပစ္စည်းတွေကိုလည်း ခိုးယူလုယက်ခဲ့ကြပါတယ်”

“အခုတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ” လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုမျိုးကျူးလွန်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားရဲ့ နာမည်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

အင်္ဂလန်မှာ နာမည်ကျော်ကစားသမားတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်မှုတွေက မကြာခဏဖြစ်ပွားလေ့ရှိပြီး ကစားသမားတွေအနေနဲ့လည်း သူတို့ကိုယ်တိုင်အပါအဝင် မိသားစုတွေရဲ့ လုံခြုံရေးအတွက်ပါ အထူးဂရုစိုက်နေရတာလည်းဖြစ်ပါတယ်။   

Share

က္က