သေဆုံးသူအမျိုးသားရဲ့ အမျိုးသမီးလည်း အပြင်းအထန်ဒဏ်ရာများရရှိခဲ့ပါတယ်။

မကွေးမြို့ ၊ အောင်ဇေယျာရပ်ကွက်၊ အောင်ဇေယျာ ၉လမ်း ရှိ နေအိမ်တစ်လုံးပေါ်ကို သစ်ပင်လဲကျခဲ့တာကြောင့် နေအိမ်ထဲရှိ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦးဒဏ်ရာရရှိမှု ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မကွေးမြို့ရောငိစုံမေတ္တာလူမှုကူညီရေးအသင်းကသိရပါတယ်။



သေဆုံးသူ အမျိုးသားနဲ့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ လင်မယားဖြစ်ပြီး ၊ နေအိမ်ထဲမှာ ထိုင်နေစဉ် သစ်ကိုင်းကကျိုးကျလာတာကြောင့် အမျိုးသားကနေရာမှာပဲပွဲချင်းပြီးသေဆုံးကာ အမျိုးသမီးမှာတော့ ခါးရိုးနဲ့လက်မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

" ၁၁ :၄၅ မိနစ်လောက်ကဖြစ်တာ။သစ်ပင်ကအတော်ကြီးတယ်။သူတို့ကသစ်ပင်နဲ့ အိမ်နဲ့ကကပ်နေတာဆိုတော့ ပထမသစ်ပင်ကလဲတော့အိမ်ပေါ်ကျတယ်၊အိမ်ပေါ်ကနေမှ အိမ်ထဲရှိနေတဲ့သူတို့ပေါ် တည့်တည့်ပိမိတာ။အမျိုးသားက နေရာမှာပဲပွဲချင်းပြီးဆုံးတယ်။ အမျိုးသမီးဖြစ်သူကဒဏ်ရာရတယ် " လို့ မကွေးမြို့ရောငိစုံမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုအောင်မိုးနိုင်ကပြောပါတယ်။

သေဆုံးသူ အမျိုးသား နဲ့ ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးကို မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။သေဆုံးသူအမျိုးသားဟာ အသက် ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးကိုတော့ မကွေးဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ သိရပါတယ် ။

Share

က္က