iPhone 11 စီးရီးကို အိန္ဒိယမှာ စတင်ထုတ်လုပ်နေပြီလို့ ကြေညာပြီးနောက် Apple ဟာ အသစ်ထွက်လာမယ့် iPhone 12 မော်ဒယ်တွေကိုလည်း နောက်နှစ်လယ်လောက်ကစပြီး အိန္ဒိယမှာ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။
Apple ဟာ iPhone ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံကို အားကိုးမှု လျှော့ချလာနေပြီး အိန္ဒိယဈေးကွက်ပေါ် ပိုပြီး အာရုံစိုက်လာနေပါတယ်။ Business Standard သတင်းအရ Apple ဟာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး အိန္ဒိယနိုင်ငံအတွင်းမှာ iPhone 12 စီးရီးကို ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
Photo: Gizmochina
ဒါဟာ အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်သွားမယ့် သတ္တမမြောက် iPhone မော်ဒယ်လည်း ဖြစ်လာမှာပါ။ လက်ရှိ အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်နေတဲ့ iPhone တွေဟာ တန်ဖိုးနည်း ၊ မော်ဒယ်ဟောင်းတွေ ဖြစ်နေပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ နောက်ဆုံးထွက် iPhone SE (2020) ကို ဒေသတွင်းမှာ ထုတ်လုပ်သွားဖို့ ရှိပါတယ်။
အိန္ဒိယထုတ် iPhone 12 စီးရီးကို ၂၀၂၁ နှစ်လယ်မှာ ထုတ်လုပ်မှုစတင်မယ်လို့ ခန့်မှန်းထားပါတယ်။ ထုတ်လုပ်မယ့်နေရာဟာ ဘန်ဂလာရူးအနီး နာရာဆာပူရာစက်ရုံသစ်မှာ ဖြစ်ဖို့ ရှိပါတယ်။ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီဟာ Apple ရဲ့ contract manufacturer ဖြစ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ Wistron ဖြစ်မှာပါ။
Photo: Southern Express
Wistron ဟာ ဝန်ထမ်းသစ် ၁၀၀၀၀ ခန့်ကို ခန့်အပ်ဖို့အတွက် ရူပီးကုဋေ ၂၉၀၀ ဝန်းကျင် ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ တကယ်လို့ iPhone 12 စီးရီးသာ အိန္ဒိယမှာ ထုတ်ဖြစ်မယ်ဆိုရင်တော့ သွင်းကုန်အခွန် ၂၂% ကို ရှောင်ရှားနိုင်မှာ ဖြစ်လို့ ဈေးသက်သာဖို့ ရှိပါတယ်။
iPhone 12 မော်ဒယ်အားလုံး တစ်ပြိုင်တည်း ရောင်းချသွားဖို့ မရှိပါဘူး။ iPhone 12 ဟာ လာမယ့် အောက်တိုဘာလထဲမှာ ဈေးကွက်ဖြန့်ချိသွားဖို့ ရှိပြီး အမြင့်မော်ဒယ်တွေ ဖြစ်တဲ့ iPhone 12 Pro ကတော့ နိုဝင်ဘာလထဲမှာ စတင်ရောင်းချသွားဖို့လည်း ရှိနေပါတယ်။