ကိုပစ်ပိုး ကူးစက်မှု ပြန့်နှံ့နေတဲ့ ရန်ကုန်ကို stay at home အဖြစ် (၂) ပတ်နေထိုင်ရန် ကြေညာခဲ့ပြီးနောက်မှာတော့ လက်ရှိတိုးနေတဲ့ လူနာအရေအတွက်ကို ထိန်းချုပ်လာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Stay at homeကြေညာလိုက်တဲ့အခါမှာလည်း အားလုံးနေထိုင်ဖို့ အကျုံးဝင်ခြင်းမရှိတဲ့အတွက် အပြင်ထွက်သွားလာမှုတွေလည်းရှိနေသေးတာကြောင့် နောက် (၂)ပတ်နဲ့ (၃)ပတ်အတွင်းကတော့ လူနာတိုးနေအုံးမှာဖြစ်ပြီး နောက်ပိုင်းမှာ ထိန်းချုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
“ သကြင်္န်တုန်းကလို (၂)ပတ်အားလုံး stay at home လုပ်လိုက်တော့ (၂) ပတ်နောက်ပိုင်းမှာ ထိန်းချုပ်လာနိုင်ခဲ့တယ်။ ခုက အားလုံးမဟုတ်ဘဲ လုပ်ငန်းခွင်သွားလာနေရတဲ့သူတွေရှိသလို အိမ်မှာနေရတဲ့သူလည်းရှိတယ် ။ အဲဒီတော့ နှစ်ပတ်အတွင်း အိမ်မှာနေရတဲ့ လူအများစုရှိတော့ ထိတွေ့မှုတွေမရှိရင် ထိန်းချုပ်နိုင်မယ်။ အပြင်ထွက်နေရတဲ့သူတွေလည်းရှိတဲ့အတွက် ဒီကနေတစ်ဆင့်ကူးစက်မှုဆိုတာလည်းရှိလာနိုင်တယ်။ အဲဒီတော့ ခုကြေညာထားတဲ့ stay at home နှစ်ပတ်ကနေ (၃)ပတ်အထိတော့ လူနာတိုးနေနိုင်သေးတယ်။ နောက်ပိုင်းမှာ ထိန်းချုပ်နိုင်မှာပါ”လို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက Duwunကိုပြောပါတယ်။
(၃)ပတ်နောက်ပိုင်း လူနာအရေအတွက် ထိန်းချုပ်နိုင်ဖို့က ပြည်သူအားလုံးရဲ့ လိုက်နာမှုအပေါ်လည်း မူတည်တယ်လို့ ဆိုပါတယ်။ လက်ရှိနိုင်ငံတွင်း ပြည်တွင်းကူးစက်မှုက တစ်ရက်ကို ပိုးတွေ့လူနာ ရာကျော်တွေ့ရှိနေတာဖြစ်ပါတယ်။ ပိုးတွေ့လူနာအများစုက ရန်ကုန်ကဖြစ်ပြီး ရန်ကုန်နေ ပြည်သူလူထုအနေနဲ့ကတော့ အထူးကြပ်မတ်လိုက်နာဖို့လိုအပ်လျှက်ရှိနေတာလည်းဖြစ်ပါတယ်။
အစိုးရက stay at homeအဖြစ် သတ်မှတ်ကြေညာလိုက်တဲ့ (၂)ပတ်အတွင်းမှာလည်း ပြည်သူအားလုံးလိုက်နာမှုရှိမှသာ လူနာအရေအတွက်ကိုထိန်းချုပ်နိုင်မှာဖြစ်လို့ အားလုံးလိုက်နာကြဖို့ကိုလည်း ဒေါက်တာသန်းနိုင်စိုးက အကြံပြုပြောကြားခဲ့ပါတယ်။ အခုဆို ကိုဗစ်ကြောင့် သေဆုံးလူနာကလည်း (၁၀၀)ဦးထိရှိလာပြီဖြစ်ပြီး သေဆုံးသူတွေထဲမှာ ရောဂါအခံမရှိသူများပါဝင်သလို (၁၀)ကျော်သက်နဲ့ (၂၀)ကျော် အရွယ်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ ကိုဗစ်ကိုမပေါ့ဆကြဖို့နဲ သတ်မှတ်စည်းကမ်းတွေလိုက်နာကြဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ အချိန်နဲ့အမျှ အသိပေးမှုတွေ ထုတ်ပြန်ကြေညာလျက်ရှိပါတယ်။