ပြီးခဲ့တဲ့ပွဲမှာ ဝက်ဖို့ဒ်ကို အနိုင်ယူပြီးနောက် စပါးအတွက် နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ကလည်း နှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၂၅)ရဲ့ အစောဆုံးပွဲဖြစ်တဲ့ စပါး နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲကို ဒီနေ့ည (ရး၀၀)နာရီက ကစားခဲ့ရာမှာ စပါးက ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ စပါးက နယူးကာဆယ်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဟယ်ရီကိန်းမပါဝင်ချိန်မှာ စပါးတိုက်စစ်အားနည်းမှုက သိသာနေခဲ့ပြီး ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ မန်စီးတီးကို အနိုင်ယူထားတဲ့ နယူးကာဆယ်ကလည်း အဝေးကွင်းမှာ တစ်မှတ်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပေးခဲ့ရတဲ့ သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ စပါးက ဖိအားပေးကစားသွားခဲ့ပါတယ်။ လော်ရန်တေးကို လူစားလဲပြီးနောက်ပိုင်း စပါးတိုက်စစ်က ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးရဖို့အခွင့်အလမ်းတွေ ပိုမိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်နောက်တန်းရဲ့ ကာကွယ်ပုံ ကောင်းမွန်ခဲ့လို့ စပါးတို့ နိုင်ပွဲရဖို့ တော်တော်လေးတော့ အားထုတ်ခဲ့ရပါတယ်။
စပါးအတွက် အနိုင်ဂိုးကို (၈၃)မိနစ်မှာ လော်ရန်တေး ဖန်တီးပေးတာကတဆင့် ဆွန်ဟောင်မင်က နယူးကာဆယ်ရဲ့ ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့ရာမှာ နယူးကာဆယ်ဂိုးသမား ကာကွယ်ပုံ ပေါ့ဆခဲ့လို့ သူ့လက်အောက်ကနေ ဘောလုံးက ဂိုးထဲဝင်သွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ကတော့ စပါးအတွက် ကယ်တင်ရှင်ဖြစ်ခဲ့ပြီး ပိုချက်တီနိုရဲ့ အားကိုးရတဲ့ ကစားသမားဆိုတာကို ထပ်ပြီးသက်သေပြခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စပါးဟာ အာဆင်နယ်နဲ့ ကစားရမယ့် မန်စီးတီးထက် တစ်ပွဲပိုကစားပြီး တစ်မှတ်အသာနဲ့ အဆင့်(၂)နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။ မန်စီးတီး ပွဲကျပ်နေချိန်မှာ စပါးက အခွင့်အရေးကို အရယူနိုင်ခဲ့ပြီး မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ကာ (၂)ပွဲဆက်တိုက် နိုင်ပွဲကို အိမ်ကွင်းမှာ ရယူနိုင်သွားနိုင်ခဲ့ပါတယ်။`