CentralWorld ဟာ ဘန်ကောက်မှာ အထင်ရှားဆုံး နေရာတစ်ခုဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထင်ရှားတဲ့ CentralWorld အဆောက်အအုံမှာ ယနေ့ (ဧပြီ ၁၀ ရက်) ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထက်မနည်း သေဆုံးပြီး အခြား လူအချို့ ဒဏ်ရာရခဲ့ပါတယ်။

(Photo: Twitter/@boatchanan/@Kyletay60)

ဘန်ကောက်မြို့လယ်ရှိ CentralWorld အဆောက်အအုံဟာ အထင်ရှားဆုံးနဲ့ အစည်ကားဆုံး ဈေးဝယ်စင်တာများ၊ ဟိုတယ်နဲ့ ကုမ္ပဏီရုံးခန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေအရ CentralWorld အဆောက်အအုံကနေ မီးခိုးများထူထပ်စွာ ထွက်ရှိနေတာတွေ့ခဲ့ရပါတယ်။



မီးလောင်မှုကြောင့် အဆိုပါ အဆောက်အအုံမှ ရာနဲ့ချီတဲ့ လူတွေကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ "မီးလောင်မှုဖြစ်တဲ့ နေရာမှာ တစ်ယောက်သေခဲ့ပြီး နောက်တစ်ယောက်ကတော့ အနီးအနားက ဆေးရုံတစ်ရုံမှာ သေဆုံးခဲ့ပါတယ်" လို့ Erawan Medical Emergency မှ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Bangkok Post)

CentralWorld အဆောက်အအုံ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတစ်ဦးဟာ ခုန်ချခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Krissana Pattanacharoen က ဆိုပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

Bangkok Post အပါအဝင် ဒေသခံမီဒီယာတွေက ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang ရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြရာမှာတော့ CentralWorld မီးလောင်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး အခြား လူခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုဟာ ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ စတင်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

(Photo: @js100radio/Twitter)

ယာဉ်အသွားအလာ ရှုပ်ထွေးများပြားချိန်ဖြစ်တာကြောင့် အရေးပေါ်ကားတွေက မီးလောင်မှုဖြစ်ပွားရာ နေရာကိုရောက်ရှိနိုင်ရန် အချက်ပေးဥသြသံများ ဆူညံစွာပေးကာ ကြိုးပမ်းခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ပါတယ်။

အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ မီးလောင်မှုကနေ လွတ်ကင်းရန်အတွက် လူတစ်ဦးက ပြတင်းပေါက်မှ ခုန်ချခဲ့တာတွေ့ခဲ့ရတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။ CentralWorld အဆောက်အအုံ မီးလောင်မှု ဟိုတယ်ရဲ့ ၈ ထပ်နေရာရှိ စာရွက်စာတမ်းများ သိုလှောင်ခန်းတစ်ခုမှ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲကို ကိုးကားပြီး Khaosod သတင်းဝက်ဘ်ဆိုက်က ပြောပါတယ်။

(Photo: @js100radio/Twitter)

ဟိုတယ်ရဲ့ ကားပါကင်နေရာမှာ လူအများအပြားက ၎င်းတို့ကားတွေ မောင်းထွက်သွားနိုင်ရန် အလုအယက် ပြေးလွှားသွားခဲ့ကြတယ်လို့ The Nation သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ CentralWorld မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီလို့ ထိုင်းမီဒီယာတွေက ပြောပါတယ်။

CentralWorld အဆောက်အအုံဟာ ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်အချာကျရာ အဓိက လမ်းဆုံတစ်ခုမှာ တည်ရှိနေပါတယ်။ ၂၀၁၀ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း CentralWorld အဆောက်အအုံဟာ မီးရှို့ခံခဲ့ရပါတယ်။ CentralWorld အဆောက်အအုံ တည်ရှိတဲ့နေရာဟာ ဈေးဝယ်သူများနဲ့ ကမ္ဘာလှည့်ခရီးသည်များနဲ့ စည်းကားနေလေ့ရှိတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က