ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာမှုကြောင့် စာသင်ကျောင်း ၄၀၀ ကျော်ကို ပိတ်ထားရန် ထိုင်းအာဏာပိုင်တွေက ညွန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
(Photo: AFP)
ဘန်ကောက် လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးအန္တရာယ်ရှိနိုင်တဲ့ အခြေအနေအထိ ပိုမိုဆိုးရွားလာမှုကြောင့် စာသင်ကျောင်း ၄၃၇ ကျောင်းကို ယနေ့ (ဇန်နဝါရီ ၃၀ ရက်) မှစပြီး သီတင်းပတ်ကုန်အထိ ပိတ်ထားရမှာဖြစ်ပါတယ်။ "လေထုညစ်ညမ်းမှု အခြေအနေက ဖေဖေါ်ဝါရီ ၃ ရက်ကနေ ၄ ရက်အထိ ဆိုးရွားနေအုံးမှာပါ၊ ဒါကြောင့် ကျောင်းတွေပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang က ပြောပါတယ်။
(Photo: AFP)
ဘန်ကောက်မြို့မှာ မီးခိုးမြူများဖုံးလွှမ်းပြီး လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေမှုဟာ သီတင်းပတ်များနဲ့ချီ ကြာမြင်ခဲ့ပြီလို့လည်း သိရပါတယ်။ ယာဉ်အသွားအလာများမှု၊ မြို့ပြင်မှ လယ်သမားတွေက လယ်မြေများမီးရှို့မှု၊ စက်ရုံများမှထွက်တဲ့ မီးခိုးငွေ့တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။
(Photo: AFP)
ဘန်ကောက်မှာ လေထုညစ်ညမ်းနေကို ဖြေရှင်းရန်အတွက် အာဏာပိုင်တွေက မိုးတုရွာစေရန်လုပ်ဆောင်မှု၊ ယာဉ်အသွားအလာလျှော့ချမှု အပါအဝင် နည်းလမ်းများဖြင့် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လာမယ့် သီတင်းပတ်မှာကျရောက်မယ့် တရုတ်နှစ်သစ်ကူးကာလမှာလည်း အမွှေးတိုင်များထွန်းညှိခြင်းနဲ့ မီးရှူးမီးပန်းပစ်ဖောက်ခြင်းတို့ မလုပ်ကြရန်လည်း ပြောထားတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။
(Photo: AFP)
The World Air Quality Index project (AQICN) ရဲ့ အဆိုအရ ဘန်ကောက်မြို့ရဲ့ လေထုအရည်အသွေး အညွန်းကိန်း (Air Quality Index - AQI) ဟာ ၁၇၀ ဝန်းကျင်ဖြစ်နေပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အာရှမြို့ကြီးတစ်မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ AQI ကတော့ လက်ရှိမှာ ၃၉၀ ဝန်းကျင်အထိ အခြေအနေဆိုးရွားနေပြီး ဘေးအန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုအဆင့် ဖြစ်တယ်လို့ သိရပါတယ်။