ရုံးသမား၊ကျောင်းသမားတွေအတွက်နေ့လည်စာကို စျေးသက်သက်သာသာနဲ့ရောင်းပေးချင်တဲ့ စိတ်ကူးနဲ့ဖွင့်ထားတဲ့ မြန်မာထမင်းဟင်းပုံစားဆိုင်လေးနဲ့ ဓူဝံပရိတ်သတ်တွေကို မိတ်ဆက် ပေးချင်ပါတယ်။
ဘတ်ဂျတ်ပုံစားဆိုင်လေး
လက်ဆုံထမင်းဆိုင်ဆိုတဲ့နာမည်ကတော့ မြေနီကုန်အနီးတစ်ဝိုက်မှာနေ့စဥ် ရုံးတက်၊သင်းတန်းတက် နေရသူတွေကြားရင်းနှီးလာတဲ့ဘတ်ဂျတ်မြန်မာထမင်းဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးရဲ့ဆိုင်ရှင်က မြေနီကုန်းက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ရင်း စျေးသက်သာတဲ့ထမင်းဆိုင်ကိုဖွင့်ဖို့ စိတ်ကူးရခဲ့ တာဖြစ်ပါတယ်။သူရဲ့စိတ်ကူးကိုအကောင်ထည်ဖော်ဖို့ ဝန်ထမ်းအလုပ်ကထွက်ပြီး ဒီထမင်းဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ။
“ကျွန်တော်ဆိုင်မဖွင့်ခင်ကမြေနီကုန်းမှာအလုပ်ဆင်းရတယ်။ ဒီအနီးနားကထမင်းဆိုင်တွေ ကျွန်တော် လိုက်စားကြည့်ပြီးဒီဆိုင်လေးဖွင့်ဖို့စိတ်ကူးရခဲ့တာမြေနီကုန်းအနီးတစ်ဝိုက်က ရုံးခန်းတွေ ကျောင်းတွေ၊သင်တန်းတွေများတော့သူတို့တွေအတွက် အရသာရှိရှိနဲ့စျေးသက်သာတဲ့ ပုံစားထမင်းဆိုင်လေးဆိုအဆင်ပြေမှာပဲဆိုပြီးဖွင့်ဖြစ်ခဲ့တာပါ”လို့ လက်ဆုံထမင်းဆိုင် ဆိုင်ရှင် ကိုကျော်ဇေယျကပြောပါတယ်။
အချိန်တိုအတွင်းလူသိများလာ
ဒီဆိုင်လေးဟာ တာထွက်ကောင်းတဲ့ဆိုင်လေးလို့ဆိုနိုင်ပါတယ်။ဆိုင်ဖွင့်ပြီး တစ်ပတ်အတွင်းမှာကိုပဲ ရောင်းအားတိုးခဲ့ပြီး မွေးနေ့အတွက်ထမင်းဘူးအော်ဒါရာချီလည်းလက်ခံရရှိခဲ့ပါတယ်။
“ကျွန်တော်ဆိုင်လေးက စဖွင့်ထဲကရောင်းကောင်းတာ ဒီနားမှာဝန်ထမ်းတွေများတော့ ကျွန်တော်ဆိုင်လေးကနေ့လည်စာစားချိန်ဆိုကြိတ်ကြိတ်တိုးပဲ။ဆိုင်ဖွင့်ပြီးတစ်ပတ်လောက်ကျ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ကိုအောင်သူနဲ့မပိုးအိအိခန့်ရဲ့ သားလေးမွေးနေ့အလှူအတွက်ဆိုပြီး ထမင်းဘူးအော်ဒါပွဲ၅၀၀စရတယ်။အဲ့တုန်းကဆိုကျွန်တော်တော်တော်ပျော်တာ”လို့ ကိုကျော်ဇေယျက ဂုဏ်ယူဝမ်းမြောက်စွာပြောပါတယ်။
စျေးတန်သလိုအရသာကလည်းကောင်း
ကိုကျော်ဇေယျရဲ့မိဘတွေက ထမင်းဆိုင်လုပ်ငန်းအတွေ့အကြုံရှိသူတွေမို့ ဒီဆိုင်လေးရဲ့ချက်ပြုတ်ရေး အပိုင်းကိုဦးစီးလုပ်ကိုင်ပေးကြပါတယ်။ဆိုင်ရဲ့ဟင်းလေးတွေကလက်ရာကောင်းပြီး အရည်သောက်၊ ငါးပိတို့စရာစုံစုံလင်လင်နဲ့မို့စားသုံးသူတွေကလက်ခံအားပေးလာကြတာဖြစ်ပါတယ်။
“ကျွန်တော့်မိဘတွေက အရင်ကထမင်းဆိုင်ဖွင့်ကြတာဆိုတော့ ဆိုင်အတွက်လိုအပ်တဲ့ အကြံတွေပေးတယ်။ချက်ပြုတ်ရေးအပိုင်းကိုလည်းလုပ်ပေးကြတယ်။ကျွန်တော့်ဆိုင်က ဟင်းလေးတွေ အိမ်ချက်လက်ရာပုံစံလေးချက်တော့စားတဲ့သူတွေအတွက် အိမ်ထမင်းအိမ်ဟင်းစားသလိုလေးခံစားရအောင်ချက်ထားပေးပါတယ်”လို့ ကိုကျော်ဇေယျကပြောပါတယ်။
တစ်ရက်ဆန်ဆယ်ပြည်ကုန်
ဒီဆိုင်လေးကို ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလကစဖွင့်ခဲ့တာဖြစ်ပြီး ဆိုင်သက်တမ်းကတစ်နှစ်ခွဲဝန်းကျင် ရှိပြီဖြစ်ပါတယ်။ဆိုင်သက်တမ်းတစ်နှစ်ကျော်သာရှိသေးပေမယ့်လည်း တစ်ရက်ကိုဆန်ဆယ်ပြည် ကုန်တဲ့အထိ ရောင်းအားကောင်းပါတယ်။နေ့လည်စာစားချိန်ဖြစ်တဲ့နေ့လည်၁၂နာရီလောက်ဆိုရင်တော့ ဒီဆိုင်လေးမှာထိုင်စားသူတွေ ပါဆယ်ဝယ်သူတွေနဲ့လက်မလည်အောင် ရောင်းကောင်းလှတာကို မြင်တွေ့ရပါတယ်။
ရနိုင်တဲ့ဟင်းလျာတွေက
ဆိုင်မှာပုံမှန်ရနိုင်တဲ့ဟင်းလျာတွေကတော့ ကြက်သားဝက်သား၊ငါးဒန်၊ငါးစုပ်၊ကြက်အသဲမြစ်၊ ငါးချဥ်သုပ်၊ရာသီပေါ်အသီးအနှံ့နဲ့တွဲဖက်ချက်ပြုတ်ထားတဲ့ဟင်းပွဲတွေရရှိပါတယ်။ ဒီဆိုင်လေးမှာ ထမင်းစားမယ်ဆိုရင်တော့ နှစ်သက်ရာဟင်းတစ်မျိုးနဲ့အသီးရွက်ကြော်တစ်မျိုးပါ၀င်ပြီး အရည်သောက်၊ငါးပိတို့စရာအစုံနဲ့ တခါပြင်ပုံစားထမင်းဟင်းကို ၂၂၀၀ကျပ်နဲ့စားသုံးနိုင်မှာဖြစ်ပါတယ်။
ဆိုင်လိပ်စာ
လက်ဆုံပုံစားထမင်းဆိုင်လေးရဲ့ လိပ်စာကတော့ ပြည်လမ်းမပေါ်၊မြေနီကုန်းမီးပွိုင့်အနီး Red Hill Towerဘေးကဆန်းသီရိလမ်းသွယ်ထဲမှာပါ။ဖုန်းနံပါတ်09-740974268 ကိုလည်းဆက်သွယ်နိုင် ပါတယ်။ဆိုင်ဖွင့်ချိန်မနက်၆နာရီကနေ ညနေ၅နာရီဖြစ်ပြီး တနင်္ဂနွေနဲ့အစိုးရရုံးပိတ်ရက်တွေ ဆိုင်ပိတ်ပါတယ်။မြေနီကုန်းရောက်လို့ နေ့လည်စာအတွက်ဆို ဒီထမင်းဆိုင်လေးကို ရွေးချယ်ကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။