မန်ချက်စတာက နိုက်ကလပ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ဘန်လေနည်းပြ ရှောင်ဒိုက်ချ်ဟာ ဒရင့်ဝါတာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ယနေ့မှာ တွေ့ဆုံသွားမယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။

ချယ်ဆီးအသင်းကနေ ဘန်လေအသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ ဒရင့်ဝါတာဟာ မန်ချက်စတာက နိုက်ကလပ်တစ်ခုမှာ အမူးလွန်ပြီး အခြားဘောလုံးသမားတစ်ဦးရဲ့ချစ်သူနဲ့ အိပ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် လူရမ်းကား ၆ ဦးရဲ့ဝိုင်းဝန်းထိုးကြိတ်ခြင်းကို ခံခဲ့ရတယ်လို့ The Sun က ယမန်နေ့က ဖော်ပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒရင့်ဝါတာဟာ ညဘက်အပြင်ထွက်ခဲ့ရာမှာ အမူးလွန်ခဲ့တာဖြစ်ပြီး လုံခြုံရေးတွေက ကလပ်အပြင်ဘက်ကို ဆွဲထုတ်ခဲ့ပြီးနောက် လူရမ်းကား ၆ ဦးက ဒရင့်ဝါတာကို အသွားတုံးတဲ့လက်နက်နဲ့ တိုက်ခိုက်ခဲ့သလို ခြေချင်းဝတ်ပေါ်ကိုလည်း တက်ခုန်ပြီး ဘောလုံးမကန်နိုင်အောင် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“ကွင်းထဲမှာတုန်းက သူက ဘောလုံးကို ဝေ့ဝိုက်ကန်တတ်တဲ့ သူလေ။ သူတို့တွေက သူ့ရဲ့ခြေချင်းဝတ်ပေါ်ကို တက်တက်ခုန်ကြပြီး ‘ဒီကောင့် ခြေထောက်ကို ချိုးပစ်’ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်”

“သူက ပရီးမီးယားလိဂ်ကြယ်ပွင့်တစ်ဦးဆိုတာ သူတို့သိနေကြပြီး အဲဒါက သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ပါ။ သွေးတွေက နေရာတကာမှာ ရှိနေခဲ့ပြီး တကယ့်ကို မယုံကြည်နိုင်လောက်အောင် စက်ဆုပ်ဖွယ်ပါပဲ”လို့ သတင်းရင်းမြစ်တစ်ဦးက The Sun ကို ပြောကြားခဲ့ပါတယ်။

ချယ်ဆီးကြယ်ပွင့် ဒရင့်ဝါတာဟာ တိုက်ခိုက်ခံရမှုကြောင့် မျက်နှာနဲ့ ဒဏ်ရာဒဏ်ချက်တွေများစွာရရှိခဲ့သလို ခြေချင်းဝတ်အရွတ်ပျက်စီးခဲ့တာကြောင့် ၆ ပတ်ခန့်အနားယူရတော့မှာဖြစ်ပါတယ်။ ဒရင့်ဝါတာဟာ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို တရားဝင်တိုင်ကြားမှုမျိုးမပြုလုပ်ခဲ့ဘူးလို့ သိရပြီး Sky Sports ရဲ့သတင်းအရ ဘန်လေနည်းပြရှောင်ဒိုက်ချ်ဟာ ယနေ့နံနက်ပိုင်းမှာ ဒရင့်ဝါတာနဲ့ စကားပြောဖို့ ခေါ်ထားတယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာ ရှောင်ဒိုက်ချ်အနေနဲ့ ဒရင့်ဝါတာရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းဖို့အတွက် စီစဉ်ထားတာမျိုးမရှိဘူးလို့ သိရပြီး ဒရင့်ဝါတာဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိသေးသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က