အာဆင်နယ်တို့ အိမ်ကွင်းမှာ နိုင်ပွဲဆက်ခဲ့တာပါ။

အာဆင်နယ်ကတော့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပြီး ဗီလာကိုလည်း ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုးပြန်ပေးခဲ့ရပေမယ့် ချက်ချင်းဆိုသလို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ နိုင်ပွဲဆက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်က ပထမပိုင်းမှာ ဆက်တိုက်ကို ဖိအားပေးကစားခဲ့ပြီး တဂိုးထက်ပိုရနိုင်တဲ့ အခွင့်အရေးတွေလည်းရှိခဲ့ပါတယ်။



ဒါပေမယ့်လည်း ဗီလာဂိုးသမား မာတီနက်ဇ် လက်စွမ်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ပထမပိုင်းမှာ တဂိုးသာရရှိခဲ့တာပါ။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကိုတော့ မာတီနယ်လီရဲ့ ပေးပို့မှုကတဆင့် ချာကာကန်သွင်းမှုကို မာတီနက်ဇ် ကာကွယ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို ဂျီးဆပ်စ်က ထပ်ဆင့်ပိတ်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဧည့်သည်ဗီလာကသာ ချေပဂိုးပြန်လည်ရရှိသွားခဲ့ပါတယ်။

ဒီဂိုးကတော့ ထူးထူးခြားခြားလို့ပြောလို့ရပြီး ထောင့်ကန်ဘောကတဆင့် တန်းဝင်သွားခဲ့တာပါ။ ဒေါက်ဂလပ်စ်လုဇ်ရဲ့ ထောင့်ကန်ဘောကန်ချက်ကို ရမ်စ်ဒေးလ်မတားဆီးနိုင်ခဲ့ဘဲ ဗီလာတို့ ချေပဂိုးရရှိသွားခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့အနေအထားက ပေးလိုက်ရတဲ့ချေပဂိုးကြောင့် အာဆင်နယ်တို့ ရုန်းကန်ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ကံကောင်းသွားတာက အာဆင်နယ်တို့ ချက်ချင်းဆိုသလို ဦးဆောင်ဂိုးပြန်ရလိုက်တာဖြစ်ပြီး ဒီဂိုးကလည်း အာဆင်နယ်အတွက် အနိုင်ဂိုးဖြစ်ခဲ့ရပါတယ်။ ဆာကာရဲ့ ပေးပို့မှုကတဆင့် မာတီနယ်လီ ကြုံသလိုအနေအထားနဲ့ ကန်သွင်းခဲ့တာကို မာတီနက်ဇ် မကာကွယ်နိုင်ခဲ့ဘဲ အာဆင်နယ်အတွက် အနိုင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ပဲ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေညမှာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒီပွဲကြီးပွဲကောင်းမှာရော ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က