ယူနိုက်တက်ကတော့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ နိးစပ်နေတဲ့ နေမာကို ခေါ်ယူနိုင်ဖို့ကို စတင်နေပြီလို့ သတင်းတွေထွက်လာပါတယ်။ နေမာကို ခေါ်ယူရေးမှာ ကက်ဆီမီရိုကလည်း ကြိုးပမ်းပေးသွားဖို့ ရှိနေပြီး ကစားသမားနဲ့ ဆွေးနွေးမှုတွေကို မကြာခင် စတင်နိုင်ဖို့ကို ယူနိုက်တက်က မျှော်လင့်နေပါတယ်။
နေမာကတော့ အသင်းကနေ ထွက်သွားဆိုပြီး ပီအက်စ်ဂျီပရိသတ်တွေက သူ့အိမ်ရှေ့ထိ လာရောက်ကာ မောင်းထုတ်တာကို ရင်ဆိုင်ခဲ့ရပြီးနောက် ပဲရစ်ကနေ ထွက်ဖို့ စဉ်းစားနေတာပါ။ ယူနိုက်တက်ကလည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသလောက်ဖြစ်နေတာကြောင့် နေမာဘက်ကလည်း စဉ်းစားဖွယ်ရှိတယ်လို့ L'Equipe က ဆိုပါတယ်။
ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို နေမာက ရောက်ရှိခဲ့ပြီး ပြည်တွင်းဖလားအားလုံးကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဗိုလ်လုပွဲကိုသာ ပို့ဆောင်ပေးထားနိုင်ခဲ့ပြီး အရေးကြီးပွဲတွေ ကစားရတော့မယ်အချိန်နီးလာရင် နေမာက အမြဲတမ်းလိုလို ဒဏ်ရာရရှိနေတဲ့အပေါ် ပရိသတ်တွေက စိတ်မရှည်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း သူ့ကို အသင်းကထွက်သွားဖို့အတွက် လူစုကာ တောင်းဆိုခဲ့ကြပြီးနောက် နေမာနဲ့ ပီအက်စ်ဂျီကြား အနာဂတ်က လှုပ်ခတ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီကလည်း နေမာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်နေခဲ့ကာ အခုတော့ ယူနိုက်တက်ဘက်က စတင်ခြေလှမ်းလှမ်းလာခဲ့ပြီ ဖြစ်ပါတယ်။
နေမာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အန်တိုနီ၊ ကက်ဆီမီရိုနဲ့ ဖရက်ဒ်တို့လို ဘရာဇိးလ်ကစားသမားတွေ ရှိနေတာကြောင့် မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျဖွယ်ရှိပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားကို အခုချိန်မှာ နည်းပါးတဲ့စျေးနှုန်းနဲ့ ရရှိမှာကလည်း စိတ်ဝင်စားစရာကောင်းနေစေကာ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ကလည်း ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။