အင်တာမိုင်ယာမီရဲ့ အဓိကကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ မက်ဆီကတော့ အသင်းဖော်ဟောင်း နေမာကို အခုချိန်မှာ ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ နေမာဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်မှာ ကစားနေတာပါ။
လက်ရှိ အင်တာမိုင်ယာမီမှာ မက်ဆီက ဆွာရက်ဇ်နဲ့အတူ တွဲကစားနေရပါတယ်။ တစ်ချိန်တုန်းက ဘာစီလိုနာရဲ့ နာမည်ကျော် MSN တိုက်စစ်အတွဲကို ပြန်လည်အသက်သွင်းဖို့အတွက်ဆိုရင်တော့ နေမာကို အင်တာမိုင်ယာမီထံ ခေါ်ယူဖို့ လိုအပ်နေပါတယ်။
ဒါပေမယ့် နေမာကတော့ ဆော်ဒီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး အယ်လ်ဟီလယ်အတွက် (၁၀) ပွဲတောင် ပြည့်အောင် မကစားရသေးပါဘူး။ ဒီလိုမျိုး နေမာကို ခေါ်ယူမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ မက်ဆီက အခုလိုမျိုး ဖွင့်ဟခဲ့ပါတယ်။
မက်ဆီက “ကျနော် မသိပါဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အခုချိန်ကတော့ ခက်ခဲပါတယ်။ သူက အခု ဆော်ဒီမှာပါ။ အသင်းနဲ့လည်း စာချုပ်သက်တမ်း တစ်နှစ် ကျန်ဦးမယ်ထင်ပါတယ်။ သူက ကာလရှည် ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ခက်ခဲကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရတာပါ”
“အဲ့ဒါကြောင့်လည်း သူ ကိုပါအမေရိကဖလားပွဲအတွက် လူစာရင်းကနေ ကျန်ခဲ့ပါတယ်။ အခုချိန်မှာတော့ နေမာကို ခေါ်ဖို့ ခက်ပါတယ်။ ဘဝက အချိုးအကွေ့တွေ အများကြီးရှိပါတယ်။ ဘာမဆိုဖြစ်နိုင်ပေမယ့်လည်း အခုချိန်မှာတော့ နေမာ အင်တာမိုင်ယာမီကို ရောက်လာဖို့ မဖြစ်နိုင်သေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။