ပီအက်စ်ဂျီဟာ ပြောင်းရွှေ့ကြေးကို သိသိသာသာ လျှော့ချပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နေမာအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို အံ့အားသင့်ဖွယ် ပမာဏအထိ လျှော့ချပေးလိုက်ပြီး ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့်လည်း ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ မှော်ဆန်တဲ့ ခြေစွမ်းနဲ့ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ နေမာဟာ ၂၀၂၁ ခုနှစ်ကမှ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေဟာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိလာမယ်ဆိုရင် ဘရာဇီးလ်ကြယ်ပွင့်ကို ရောင်းချချင်နေတယ်လို့ သိရပြီး Fichajes ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ပြောင်းရွှေ့ကြေးကို သိသိသာသာ လျှော့ချပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ နေမာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၅၀ ကနေ ၆၀ အတွင်း ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံနားထောင်ပေးသွားချင်နေတယ်လို့ သိရပြီး နေမာကို ရောင်းထုတ်ချင်ရတဲ့အကြောင်းအရင်းဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၆၀၆၀၀၀ အထိ ရှိတဲ့ ကြီးမားတဲ့ လစာပမာဏကို မပေးချေလိုတော့ဘဲ ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီကို အစားထိုးခေါ်ယူမှုအဖြစ် ပြုလုပ်ဖို့ ကြိုးပမ်းသွားချင်တဲ့ဆန္ဒရှိနေတာကြောင့် ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေအနေနဲ့ နေမာရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိုက်တာက မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်လ် ယူနိုက်တက်တို့လို ပရီးမီးယားလိဂ်ကလပ်အသင်းတွေအတွက် တပ်လှန့်လိုက်တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ပဲရစ်က ၆ ရာသီအတွင်း ၁၆၅ ပွဲမှာ သွင်းဂိုး ၁၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က