PSG တိုက်စစ်မှူးနေမာလည်း ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် ကလပ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး မနက်ဖြန်မှာ ဆေးစစ်မှုတွေ လုပ်သွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ Geglobo က ဖော်ပြခဲ့ပါတယ်။ နေမာဟာ ၂နှစ်စာချုပ်နဲ့ ဆော်ဒီကလပ်ကို ပြောင်းရွှေ့မှာဖြစ်ပြီး ဘာကာကို အငှားနဲ့ ပြန်သွားမယ်ဆိုတဲ့အချက်မပါဝင်ဘူးလို့လည်း သိရပါတယ်။
ဒီ ၂နှစ်စာအတွက် နေမာက လုပ်အားခ ယူရိုသန်း ၁၆၀ အထိ ရရှိမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ နှစ်သင်းကြားမှာ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ အသင်းမှာ သူ့အတွက်နေရာမရှိတော့ဘူးလို့ နည်းပြဖြစ်သူဆီက ပြောဆိုမှုကို ရပြီးချိန်၊ လီဂူးအဖွင့်ပွဲမှာလည်း လူစာရင်းထဲမပါဝင်ခဲ့တဲ့နောက် နေမာရဲ့ အပြောင်းအရွှေ့က မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာခဲ့ပါတယ်။
ကစားသမားက ဥရောပမှာပဲ ဆက်ကစားချင်နေပေမယ့် သူ့ကိုခေါ်ယူချင်တဲ့ အသင်းက နည်းပါးနေကာ ပြောင်းရွှေ့ကြေးနဲ့ လစာငွေမြင့်မားမှုကလည်း အခြားအသင်းတွေအတွက် အခက်တွေ့နေခဲ့ရပါတယ်။ ဒါကြောင့် ငွေကြေးသုံးစွဲနိုင်တဲ့ ဆော်ဒီကလပ်ကပဲ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ အပြောင်းအရွှေ့ကို တရားဝင်ကြေညာမယ်လို့လည်း ဆိုပါတယ်။
နေမာပါ ရောက်ရှိသွားမယ်ဆိုရင် ဆော်ဒီလိဂ်ကို နာမည်ကျော်ထိပ်တန်းကစားသမားတဦး ထပ်မံရောက်ရှိသွားတာပဲဖြစ်ပါတယ်။ ရော်နယ်ဒို၊ ဘန်ဇီမာ၊ မာနေးနဲ့အခြားသော နာမည်ကျော်ကစားသမာအများအပြား ရောက်ရှိနေခဲ့ပြီးနောက်မှာ နေမာကိုပါ ဆော်ဒီက ထပ်မံရရှိမှာဖြစ်လို့ သူတို့ရဲ့ လိဂ်အဆင့်အတန်းနဲ့ ဆွဲဆောင်မှုက ပိုမိုအားကောင်းလာတော့မှာလည်း သေချာပါတယ်။