မောင့်ပယ်လီယာကို အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲမှာဖြစ်ပွားခဲ့တာပါ။

PSG တိုက်စစ်ကစားသမား အမ်ဘာပေဟာ အသင်းဖော်ကစားသမား နေမာကို စော်ကားပြောဆိုခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။



ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးအစီအစဥ်မှာ အမ်ဘာပေက ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့လိုတဲ့အကြောင်း၊ ယူရို- ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ရုန်းကန်ခဲ့ရတဲ့အကြောင်းတွေကို ပြောကြားရင်း အခုနေမာနဲ့ကိစ္စကိုပါ တစ်ပါတည်း ဖွင့်ဟပြောကြားခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆)၊ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မောင့်ပယ်လီယာနဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။ ဒီပွဲရဲ့ ပွဲကစားချိန် (၈၈) မိနစ်မှာ အမ်ဘာပေကို နည်းပြပိုချက်တီနိုက လူစားလဲခဲ့ပြီး နောက်တစ်မိနစ်အကြာမှာပဲ ဒရက်ဇ်လာက နေမာရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီဂိုးဝင်သွားချိန်မှာ အရံခုံပေါ်က အမ်ဘာပေတစ်ယောက် မြည်တွန်တောက်တီးနေတာကို ရုပ်သံမှတ်တမ်းတွေက ဖော်ပြခဲ့ပြီး အမ်ဘာပေအနေနဲ့ “ဒီသူတောင်းစား (နေမာ) က ငါ့ကိုကျ ဒီလိုဘောလုံးမျိုးမပေးဘူး” လို့ ပြောဆိုနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲ့ဒီပွဲကဖြစ်ရပ်နဲ့ပတ်သက်လို့လည်း အမ်ဘာပေက “ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် နေမာကို သူတောင်းစားလို့ ပြောခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးတွေဆိုတာက ဘောလုံးလောကမှာ အချိန်တိုင်းဖြစ်ပျက်နေတဲ့ အရာတွေပါ”


“ဒါကစိတ်မရှည်စရာကောင်းတဲ့ ကိစ္စတစ်ခုလိုပါပဲ။ အဲ့ဒါကြောင့်လည်း ကျွန်တော် ပေါက်ကွဲခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဒီအကြောင်းကို နေမာနဲ့ ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ နှစ်ယောက်အကြား အရင်တည်းက အချိတ်အဆက်တွေရှိခဲ့ပြီး ဒါကိုဆက်ထိန်းထားချင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ နိုင်ပွဲတွေရယူချင်လို့ပါ”

“ဒါပေမယ့် အဲ့ဒီဖြစ်ရပ်က ဘာမှအရေးကြီးတာမဟုတ်ပါဘူး။ အခုချိန်မှာ အဲ့ဒီကိစ္စတွေ ဘာမှမရှိတော့ပါဘူး။ အသင်းဖော်တွေရော၊ အသင်းမှာရှိတဲ့လူတွေအားလုံးကို ကျွန်တော် လေးစားပါတယ်။ မောင့်ပယ်လီယာနဲ့ပွဲတုန်းက ဘောလုံးပေးပို့မှုကိုတော့ ကျွန်တော်မပျော်နိုင်ပါဘူး။ ဒါပေမယ့် တစ်ပွဲပွဲမှာတော့ ကျွန်တော့်ဆီ ဒီလိုဖန်တီးမှုမျိုး ရောက်လာပါလိမ့်မယ်။ အဲ့ဒီတုန်းကတော့ မပျော်ခဲ့တာ အမှန်ပဲ။ ဒါပေမယ့် အခု ဘာပြဿနာမှမရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေဟာ PSG နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး သူ့အနေနဲ့ အသင်းက ထွက်ချင်နေတာကြောင့် မကြာခဏပြဿနာရှာတဲ့ အပြုအမူတွေကို ပြုလုပ်နေတယ်လို့လည်း ဝေဖန်ခံထားရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က